ပြည်သူများအနေဖြင့် မိုးရာသီအကူးအပြောင်းကာလတွင် ဖြစ်ပွားလေ့ရှိသော ကူးစက်ရောဂါအမျိုးမျိုးတို့ကို ကြိုတင်ကာကွယ်ထားကြရန်လိုအပ်သည်။ မိုးရာသီကာလတွင် အဖြစ်များလေ့ရှိသည့် သွေးလွန်တုပ်ကွေးရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ မိုးဦးကျကာလတွင် ဖြစ်ပွားတတ်သော ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် မသန့်ရှင်းသောရေနှင့် အစားအသောက်တို့မှ ကူးစက်နိုင်သည့် အသည်းရောင်အသားဝါရောဂါတို့ကို ကြိုတင်ကာကွယ်တားဆီးထားကြရမည်ဖြစ်သည်။သွေးလွန်တုပ်ကွေးရောဂါသည် ဗိုင်းရပ်စ်ပိုးသယ်ဆောင်ထားသော နေ့အချိန်တွင် ကိုက်လေ့ရှိသည့် ခြင်ကျားအကိုက်ခံရခြင်းကြောင့်ဖြစ်ပွားသည်။ သွေးလွန်တုပ်ကွေးရောဂါကို ကြိုတင်ကာကွယ်နိုင်သည်။ ဝမ်းပျက်ဝမ်းလျှောရောဂါသည် မသန့်ရှင်းသောရေနှင့် အစားအသောက်များကို စားသောက်မိရာမှ ရောဂါကူးစက်ဖြစ်ပွားတတ်ပြီး အသက်အန္တရာယ်ထိခိုက်နိုင်သည်အထိ ရောဂါအသွင်ဆောင်တတ်သည်။ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါသည် ကာလဝမ်းရောဂါပိုးပါဝင်သော မသန့်ရှင်းသောရေနှင့် အစားအသောက်များကို စားသုံးမိရာမှ ကူးစက်ဖြစ်ပွားတတ်သောရောဂါဖြစ်သည်။



