၂၀၂၅ ခုနှစ်၊ မေလ ၁၆ ရက် ယနေ့မြန်မာစံတော်ချိန် (၁၈:၃၀) နာရီအချိန် နောက်ဆုံးရရှိသည့် အချက်အလက်များအရ ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်လျှက်ရှိသည့် လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် လွှင့်စင်လာသည့် အားကောင်းသော အပူပျံတက်တိမ်တိုက်များကြောင့်လည်းကောင်း၊ အနောက်တောင် မုတ်သုံလေ ဝင်ရောက်လာမှုကြောင့်လည်းကောင်း ယနေ့မှစ၍ (၂၂-၀၅-၂၀၂၅) ရက်နေ့အတွင်း မကွေးတိုင်းဒေသကြီးတွင် နေရာကျဲကျဲ၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ ကျန်တိုင်းနှင့်ပြည်နယ်တို့တွင် နေရာအနှံ့အပြား(၂၂-၀၅-၂၀၂၅) ရက်နေ့မှ (၂၉-၀၅-၂၀၂၅) ရက်နေ့အတွင်း တိုင်းနှင့်ပြည်နယ်အားလုံးတွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်၍မိုးကြီးခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးခြိမ်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းနှင့် မိုးသက်လေပြင်း တိုက်ခတ်ခြင်းတို့ ဖြစ်ပေါ်နိုင်ပြီး မိုးသက်လေပြင်းကျစဉ် ရေပြင်မြေပြင်လေသည် တစ်နာရီလျှင် မိုင် (၄၀) မိုင်မှ (၄၅) မိုင်အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရပါသည်။သို့ဖြစ်ပါ၍ ယနေ့မှစ၍ (၂၉-၀၅-၂၀၂၅) ရက်နေ့အတွင်း မိုးရွာသွန်းခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ရေကြီးခြင်း၊ မြေပြိုခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် အဆောက်အအုံများ၊ သစ်ပင်သစ်ကိုင်းများ၊ ဖိုင်ဘာလိုင်းနှင့် လျှပ်စစ်ဓာတ်အားလိုင်းများ ပြိုကျယိုင်လဲခြင်း စသော သဘာဝဘေးအန္တရာယ်တို့ ဖြစ်ပေါ်နိုင်သည့်အတွက် ကုန်းမြင့်ဒေသများအနီးတွင် နေထိုင်ကြသူများအနေဖြင့် မိုးကြိုးပစ်ခြင်းနှင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်၊ မြစ်ငယ်ချောင်းငယ်များအနီးနှင့် မြေနိမ့်ပိုင်းတွင် နေထိုင်ကြသူများအနေဖြင့် လေပြင်းအန္တရာယ်နှင့် လျှပ်တစ်ပြက် ရေကြီးရေလျှံမှုအန္တရာယ်တို့ကိုလည်းကောင်း ကြိုတင်သတိပြုနိုင်ပါရန်နှင့် စိုက်ပျိုးမွေးမြူတောင်သူများအပါအဝင် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ ပြည်တွင်းရေကြောင်း သွားလာရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ စက်လှေများ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် သတိပေးနှိုးဆော် တင်ပြအပ်ပါသည်။



