ထိုင်းနိုင်ငံ၌ ဗီဇာသက်တမ်းကုန်ဆုံးသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို သက်တမ်းတိုး လုပ်ငန်းစဉ်အဆင့်များ လျှော့ချပေးရန် ယနေ့ မေဒေးနေ့တွင် ရွှေ့ပြောင်းအလုပ်သမားသွေးစည်း ညီညွတ်ရေးအဖွဲ့ MWSC က ထိုင်းအစိုးရအား တောင်းဆိုခဲ့သည်။ယနေ့ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ (မေဒေး) တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဒီမိုကရေစီအထိမ်းအမှတ်ကျောက်တိုင်၌ စုဝေး ၍ မြန်မာရွှေ့ပြောင်းအလုပ်သမားများကို သက်တမ်းတိုး လုပ်ငန်းစဉ် အဆင့်များ လျှော့ချပေးရန် အပါအဝင် အချက် (၃) ချက်ဖြင့် MWSC အဖွဲ့က ထိုင်းအစိုးရအား တောင်းဆိုခဲ့ခြင်းဖြစ်သည်။တောင်းဆိုချက်များတွင် ငလျင်ကြောင့် ပြိုကျခဲ့သည့် ထိုင်းအစိုးရစာရင်းစစ်ရုံး အဆောက်အဦးတွင် ထိခိုက်နစ်နာခဲ့ရသည့် အလုပ်သမားအားလုံးအတွက် ထိုင်းအစိုးရက လတ်တလောပံ့ပိုးကူညီရန်နှင့် နစ်နာကြေးများပရန်၊ ILO ၏ ပြဌာန်းချက်အမှတ် ၈၇ နှင့် ၉၈ တို့ကို ထိုင်းအစိုးရက လက်မှတ်ရေးထိုးပေးရန် ပါဝင်ကြောင်း သိရသည်။



