ရီးရဲလ် မက်ဒရစ် နောက်ခံကစားသမား အန်တိုနီယို ရူဒီဂါရဲ့ ကိုပါဒယ်လ်ရေး ဗိုလ်လုပွဲ နောက်ဆုံးမိနစ်များအတွင်းက ကွင်းလယ်ဒိုင်အပေါ် ဒေါသတကြီး ပြုမူခဲ့တဲ့ အပြုအမူကြောင့် သူ့ကို ဂျာမနီ လက်ရွေးစင်အသင်းကနေ ထုတ်ပယ်သင့်တယ်လို့ ဂျာမန်ဘောလုံးပရိသတ်တွေနဲ့ ကျွမ်းကျင်သူအချို့က တောင်းဆိုမှုတွေ ပြုလုပ်နေကြပါတယ်။စနေနေ့က ဘာစီလိုနာကို ရှုံးနိမ့်ခဲ့တဲ့ ကိုပါဒယ်လ်ရေး ဗိုလ်လုပွဲမှာ ရူဒီဂါဟာ ပွဲပြီးခါနီးမှာ ရီးရဲလ်ဘက်ကို ပြစ်ဒဏ်ဘော သတ်မှတ်ခဲ့တဲ့ ဒိုင်လူကြီး ရီကာဒို ဒီ ဘားဂို့စ် ဘန်ဂိုအက်ချီယဘက်ကို ပစ္စည်းတစ်ခုနဲ့ ပစ်ပေါက်ခဲ့တာကြောင့် အနီကတ် တိုက်ရိုက်ပြသကာထုတ်ပယ်ခံခဲ့ရပါတယ်။ ဒီဖြစ်ရပ်မတိုင်ခင်မှာ ရူဒီဂါဟာ လူစားလဲခံထားခဲ့ရပြီး ဖြစ်ပေမယ့်အရန်ခုံကနေ ထလာပြီး အခုလို ပြုမူခဲ့တာ ဖြစ်ပါတယ်။ ဒီလုပ်ရပ်အတွက် သူဟာ ပြင်းထန်တဲ့ ပွဲပယ်ပြစ်ဒဏ်နဲ့ ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။



