ဧရာဝတီမြစ်ရေဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ဧပြီ ၂၄ ရက်က ၁ ရက်အတွင်း ၇ ပေခွဲခန့်အထိ မြင့်တက်ခဲ့ပြီးနောက် နောက်ထပ် ၁၃ ရက်အတွင်း မြို့ ၁၇ မြို့တွင် လက်ရှိရေအမှတ်များအထက် မြင့်တက်လာနိုင်ဦးမယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။ဧရာဝတီမြစ်အထက်ပိုင်းတွင် မြင့်တက်ခဲ့သော အဆိုပါမြစ်ရေ သည် နောက် ၁ ရက်မှ ၅ ရက်အတွင်း ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့နှင့် သပိတ်ကျင်းမြို့တို့တွင် ၅ ပေခွဲမှ ၆ ပေခွဲခန့်၊ နောက် ၅ ရက်မှ ၈ ရက်အတွင်း မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့နှင့် ညောင်ဦးမြို့တို့တွင် ၄ ပေခွဲမှ ၅ ပေခွဲခန့် တက်လာနိုင်ကာနောက်ထပ် ၈ ရက်မှ ၁၃ ရက်အတွင်း ချောက်၊ မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည်၊ ဆိပ်သာ၊ ဟင်္သာတနှင့် ဇလွန်မြို့တို့တွင် လက်ရှိရေအမှတ်များအထက် ၃ ပေခွဲမှ ၄ ပေခွဲခန့်အထိ မြင့်တက်လာနိုင်ကာအဆိုပါ အခြေအနေကြောင့် မြစ်ကြောင်းများအတွင်း သွားလာနေကြသည့် ရေယာဉ်၊ လှေ၊ သင်္ဘောများအနေဖြင့် ဂရုပြုသင့်ပါကြောင်းနှင့် သဲသောင်ခုံများတွင် စိုက်ပျိုးနေထိုင်ကြသူများအနေဖြင့် မြစ်ရေတိုးလာနိုင်မှုကို ဂရုပြုနေထိုင်သင့်ကြောင်းလည်း မိုးဇလမှ ထုတ်ပြန်အကြုံပြုထားပါတယ်။


