ကချင်ပြည်နယ်၊ မြစ်ကြီးနားတွင် လျှပ်စစ်မီးပြတ်တောက်ချိန် ယခင်ကထက် ပိုမိုများလာသောကြောင့် လျှပ်စစ်ပစ္စည်း အသုံးအဆောင်များ အားသွင်းရန် ခက်ခဲလာသည့်အပြင် လုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်ရန်လည်း ခက်ခဲလာကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။ယခင် နှစ်ဆန်းပိုင်းအချိန်မှစပြီး လျှပ်စစ်မီးကို ရပ်ကွက်အလိုက် အချိန်အကန့်အသတ်ဖြင့် ပုံမှန်အလှည့်ကျပေးခဲ့သော်လည်း ယခုနောက်ပိုင်းတွင် ပုံမှန်လျှပ်စစ်မီးပေးချိန်များ ပျက်ကွက်ကာ ပြတ်တောက်မှုရှိနေသောကြောင့် လျှပ်စစ်ပစ္စည်းအသုံးဆောင်များ အားသွင်းယူရန် ခက်ခဲလာပြီး လုပ်ငန်းပုံမှန်လည်ပတ်နိုင်ရန် ခက်ခဲလာခြင်း ဖြစ်သည်။လက်ရှိမြစ်ကြီးနား၊ ဝိုင်းမော်မြို့အား ဖြန့်ဖြူးပေးနေသော လျှပ်စစ်မီးသည် ဘူးဂါးပိုင်လျှပ်စစ်ဓါတ်အားရုံမှ ဖြန့်ပေးနေခြင်းမဟုတ်ဘဲ မြန်မာနိုင်ငံအောက်ပိုင်းအစိုးရပိုင် မဟာဓာတ်အားလိုင်းမှ ဖြန့်ဖြူးပေးနေခြင်းဖြစ်ကြောင်း ထပ်မံသိရသည်။



