အာဆင်နယ်နဲ့ မန်စီးတီးအသင်းတို့ရဲ့ ကစားသမားဟောင်းကြီး ဘကာရီ ဆဂ်နာက ဒီရာသီထဲ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အကောင်းဆုံး စွမ်းဆောင်ပြနေတဲ့ လီဗာပူးလ် တောင်ပံကစားသမား မိုဟာမက် ဆာလာထက် မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ကတောင် PFA တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရရှိနိုင်တယ်လို့ အံ့အားသင့်ဖွယ် သုံးသပ်သွားခဲ့ပါတယ်။ အီဂျစ် လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား ဆာလာဟာ ဒီရာသီမှာ လီဗာပူးလ်အသင်းအတွက် အတော်လေးကို ခြေစွမ်းပြသလို့နေပြီး ပြိုင်ပွဲစုံမှာ (၃၂)ဂိုးသွင်း (၂၂)ဂိုးဖန်တီးထားနိုင်သလို ပရီးမီးယားလိဂ်မှာဆိုရင်လည်း (၂၇)ဂိုးသွင်းယူထားကာ (၁၇)ဂိုးအထိတောင် ဖန်တီးထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဆာလာက ဒီရာသီမှာ အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ရယူဖို့လည်း အခြေအနေကောင်းနေပါတယ်။ ယူနိုက်တက် ကွင်းလယ်ကစားသမား ဖာနန်ဒက်စ်ကတော့ ဒီရာသီ သူ့အသင်းက အခြေအနေဆိုးနေပေမယ့် သူကိုယ်တိုင်ကတော့ အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ပေးနေလျက်ရှိပြီး ပြိုင်ပွဲစုံမှာ (၁၆)ဂိုးသွင်း (၁၅)ဂိုးဖန်တီးထားသလို ပရီးမီးယားလိဂ်မှာလည်း (၉)ဂိုးသွင်း (၈)ဂိုးဖန်တီးထားပါတယ်။ ဖာနန်ဒက်စ်နဲ့ ပတ်သက်ပြီး ဆဂ်နာက “မန်ချက်စတာ ယူနိုက်တက်ဟာ ဖိအားတွေ ခံနေရပြီး အခုလို အချိန်မှာ ကစားသမားတွေ တိုးတက်လာဖို့ လိုတယ်။ ယူနိုက်တက်ရဲ့ ဂျာစီကို ဝတ်လိုက်တာနဲ့ တောက်ပဖို့ လူတွေက မျှော်လင့်ကြတယ်။ ဒါက ဝတ်ရတာ ဖိအားတွေများတဲ့ ဂျာစီပါ။ သူက ယူနိုက်တက်အတွက် ကစားနေတာ တခြားအသင်းမဟုတ်တော့ ပရိသတ်တွေက တောင်းဆိုမှု များတယ်။ သူ ပေးဆပ်ပြီး သူ့ရဲ့ အရည်အသွေးကို ပြသနိုင်တာကို မြင်ရတာ ဝမ်းသာတယ်” လို့ ပြောခဲ့ပါတယ်။
ဖာနန်ဒက်စ်က ဆာလာကို ကျော်ဖြတ်ပြီး PFA ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကိုပါ ရနိုင်တယ်လို့ ဆဂ်နာ ဆို
Mar 27 • 6:42 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 19 | 0 | 0 | 0 |


