မတ် ၂၃ ရက်နေ့တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့် ဒုတိယဝန်ကြီးတို့သည် နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိနှင့် ပုဗ္ဗသီရိမြို့နယ်များရှိ ၂၃၀ ကေဗွီ ပျဉ်းမနား-နေပြည်တော်(၁) မဟာဓာတ်အားလိုင်း လိုင်းအူကြောင်း ပြောင်းရွှေ့တည်ဆောက်မှုကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ဝန်ကြီးအဖွဲ့သည် တာဝါတိုင်များ စိုက်ထူမှု၊ ဓာတ်အားလိုင်းကြိုးဆွဲခြင်းနှင့် ဓာတ်အားလိုင်းအဟောင်း ပြောင်းရွှေ့မှုအခြေအနေများ ကိုစစ်ဆေးကာ စံချိန်စံညွှန်းနှင့် အချိန်မှန်လုပ်ဆောင်နိုင်မှု အပေါ် အကြံပြုချက်များပေးခဲ့သည်။ ထို့နောက် ဝန်ထမ်းအိမ်ရာများ သန့်ရှင်းမှုနှင့် စည်းကမ်းလိုက်နာမှု နှင့် မီတာစမ်းသပ်စစ်ဆေးရေးဌာနရှိ လုပ်ငန်းသုံးပစ္စည်းများ စီမံထိန်းသိမ်းမှု ကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညွှန်ကြားခဲ့ကြောင်း သိရသည်။



