မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ရာဘုရားပွဲတော်ကြီးတွင် မတ် ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် နိုင်ငံကျော်အနုပညာရှင်များက အငြိမ့်သဘင်များနှင့် တေးဂီတဖျော်ဖြေပွဲများဖြင့် ဖျော်ဖြေတင်ဆက်မည်ဖြစ်သည်။ နှစ်ညတိုင်တိုင် ဇာတ်ပွဲသဘင်အဖွဲ့မှ အငြိမ့်ဇာတ်မင်းသား၊ မင်းသမီးများ၊ နိုင်ငံကျော်ဟာသအနုပညာရှင်များဖြစ်ကြသော စိန်ခဲ၊ ကံပွင့်၊ အောင်ဟိန်း၊ ဥက္ကဋ္ဌတို့နှင့်အတူ ရွှေခိုင်ဇော်မင်္ဂလာဆိုင်းတို့ တွဲဖက်၍ ဖျော်ဖြေတင်ဆက်မည်ဖြစ်သည်။ မြန်မာနိုင်ငံအတွင်း ရက်အရှည်ကြာဆုံးသော ဘုရားပွဲတော်တစ်ခုဖြစ်ပြီး ဖေဖော်ဝါရီ ၂ ရက်မှ ဧပြီ ၁၇ ရက်အထိ ရက်ပေါင်း ၇၅ ရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။ မန်းရွှေစက်တော်ရာတွင် တပေါင်းလပြည့်အခါသမယ၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုပြီးချိန်နှင့် မဟာသင်္ကြန်ရုံးပိတ်ရက်ကာလများတွင် နှစ်စဉ်အထူးစည်ကားလေ့ရှိကြောင်း သိရသည်။



