ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ် (၂) တံတားအနီး ကားဂိုဒေါင်တစ်ခုတွင် ယနေ့ မတ်လ ၁၈ ရက် ညပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ထိုင်းဒေသတွင်း သတင်းများအရ သိရသည်။ တက်ခ်ခရိုင်၊ မဲဆောက်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက မီးလောင်သည့် သတင်းကို သိရသောကြောင့် မီးလောင်မှုကို မဲဆောက်ခရိုင် အထူးတပ်ဖွဲ့မှ မီးသတ်ယာဉ်များဖြင့် ပူးပေါင်း ငြှိမ်းသတ်ခဲ့ကြကြောင်း၊ မီးလောင်သော နေရာမှာ ထိုင်း-မြန်မာ နယ်စပ်၊ ထိုင်းနိုင်ငံ၊ တက်ခ်ခရိုင်၊ မဲဆောက်မြို့နယ်၊ ဝမ်းတာကင်းကျေးရွာအပိုင်၊ ထိုင်း – မြန်မာ ချစ်ကြည်ရေးအမှတ် (၂) တံတားအနီးရှိ သိမ်းဆည်းမိသည့် ကားများကို ထားရှိသည့် ကားဂိုဒေါင်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။



