ရန်ကုန်မြို့ပတ်ရထားလမ်းတွင် ရထားအခြေအနေကို ဘူတာရုံအချို့မှ အသိပေးမှုအားနည်းခြင်းကြောင့် ခရီးသည်များ မလိုလားအပ်သော အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။ မတ်လ ၁၀ ရက်နေ့ နံနက်ပိုင်းက ဝေဘာဂီဘူတာနှင့် ဥက္ကလာပဘူတာကြားတွင် DEMU တွဲဆိုင်းရထားအသစ် စက်ပျက်ခဲ့ပြီး နာရီနှင့်ချီ၍ စောင့်ဆိုင်းခဲ့ရသော ဖြစ်ရပ်များလည်း ဖြစ်ပေါ်ခဲ့သည်။ ထို့အပြင် ရထားလမ်းကြောင်းတစ်လျှောက်တွင် ရထားပျက်စီးမှုများဖြစ်ပေါ်ပါက ခရီးသည်များအား အချိန်နှင့်တစ်ပြေးညီ သတင်းအသိပေးမှုအားနည်းခြင်းကြောင့် အလုပ်ပျက်ခြင်းများအပြင် အခြားသောအခက်အခဲများလည်း ကြုံတွေ့နေရကြောင်း ခရီးသည်များက ပြောကြားခဲ့ကြသည်။



