ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ မြို့တော်ခန်းမ၌ မတ် ၁၁ ရက်တွင် ကျင်းပသော ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က စားသုံးသူအခွင့်အရေးများ တိုးတက်ကောင်းမွန်ခြင်းသည် စီးပွားရေးလုပ်ငန်းရှင်များ၏ ကုန်ပစ္စည်းအရည်အသွေး တိုးတက်ကောင်းမွန်ခြင်း၊ ပြည်သူများ လုံခြုံစိတ်ချရမှုရှိခြင်းတို့မှတစ်ဆင့် နာမည်ကောင်းရရှိခြင်းနှင့် ဈေးကွက်ပိုမိုရရှိခြင်းများဖြစ်ပေါ်စေကာ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်မည့် ကုန်စည်များ ထုတ်လုပ်ရောင်းချသွားနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် စားသုံးသူအခွင့်အရေးနှင့် လိုအပ်ချက်များအကြောင်းကို အသိပညာပေးခဲ့ပြီး၊ စားသုံးသူတိုင်ကြားမှုအတွက် သရုပ်ပြစေ့စပ်ညှိနှိုင်းမှုဖြင့် သရုပ်ဖော်ပြသခဲ့ကာ၊ ပြခန်းအတွင်း ပြသထားသည့် စားသုံးသူအခွင့်အရေးဆိုင်ရာ အသိပညာပေးပြခန်းကို လှည့်လည်ကြည့်ရှု အားပေးခဲ့ပြီး၊ အခမ်းအနား ဒုတိယပိုင်းတွင် တေးသီချင်းများဖြင့် ဖျော်ဖြေကာ ဉာဏ်စမ်းမေးခွန်းများမေး၍ ဆုများချီးမြှင့်ခဲ့သည်။



