မတ်လ ၄ ရက်နေ့က အိမ်မွေးခွေးတစ်ကောင်အား တုတ်ဖြင့် ရိုက်နှက်သတ်ဖြတ်နေသည့် ရုပ်သံဖိုင်ကြောင့် တိရိစ္ဆာန်ချစ်သူများက စုံစမ်းဖော်ထုတ်ကာ ကျူးလွန်သူ ၅ ဦးကို မတ်လ ၆ ရက်ညပိုင်းတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ပို့ဆောင်ခဲ့သည်။ ရုပ်သံဖိုင်အရ ဖြစ်စဉ်မှာ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် ၃ ရပ်ကွက်ရှိ အထည်ချုပ်စက်ရုံဝင်းအတွင်း ဖြစ်ပွားခဲ့ပြီး အသက် ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် ညီဖြစ်သူတို့က အသားစားရန်အတွက် သတ်ဖြတ်ခဲ့သည်ဟု ဝန်ခံခဲ့သည်။ ထို့အပြင် ယင်းသို့ သတ်ဖြတ်ပေးရန်အတွက် အခကြေးငွေယူကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသဖြင့် ကျူးလွန်သူ ၅ ဦးကို တရားစွဲဆိုနိုင်ရန် ရပ်ကွက်ရုံးမှတစ်ဆင့် ဆောင်ရွက်ခဲ့သည်။



