အာလူးတစ်ပိဿာလျှင် တစ်လသိုလှောင်ခ ငွေကျပ် ၉၀၊ တစ်တန်လျှင် တစ်လ ငွေကျပ် ၅၅၀၀၀ နှုန်း၊ ငရုတ်သီးတစ်ပိဿာလျှင် တစ်လ ကျပ် ၂၀၀ နှုန်း သတ်မှတ်၍ လက်ခံဆောင်ရွက်လျက်ရှိရာ အာလူး ၁၂၆၆၆၆ ပိဿာနှင့် ငရုတ်သီးပိဿာ ၁၃၆၉၆၀ လက်ခံသိုလှောင်နိုင်ခဲ့သဖြင့် သိုလှောင်ခရဝင်ငွေ ကျပ် ၃၈၇ ဒသမ ၉၁၉ သိန်းခန့် ရရှိခဲ့သည်။ အာလူးစိုက်ဒေသများတွင် အအေးခန်းစက်ရုံများ တည်ဆောက်နိုင်ခြင်းကြောင့် အာလူးမျိုးပွားတစ်သျှူးကာချာလုပ်ငန်းကို တိုးချဲ့အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့ပြီး၊ အဆိုပါလုပ်ငန်းအောင်မြင်ပါက နိုင်ငံခြားမှ ဈေးကြီးပေးဝယ်တင်သွင်းနေရသည့် အာလူးမျိုးများကို ဒေသတွင်း၌ ဈေးနှုန်းသက်သာစွာ ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။ ထို့အပြင် သီးနှံပေါ်ချိန် ဈေးကွက်ချိုးနှိမ်မှုဒဏ်ကို ကျော်လွှားကာ ဈေးကောင်းရသည့်အချိန်တွင် သိုလှောင်သီးနှံများ ဖြန့်ဖြူးရောင်းချခြင်းကြောင့် တောင်သူများ ဝင်ငွေတိုးပွားရရှိလာနိုင်မည်ဖြစ်သည်။ စိတ်ဆန္ဒတူ၊ လုပ်ငန်းတူသူများ စုပေါင်း၍ သမဝါယမအသင်းများ ဖွဲ့စည်းကာ ခေတ်မီစက်ကိရိယာများ အသုံးပြုခြင်း၊ သဘာဝမြေဩဇာစက်ရုံ တည်ဆောက်ခြင်းတို့ဖြင့် အရည်အသွေးကောင်းမွန်သော အော်ဂဲနစ်သီးနှံများကို စားသုံးသူများ ရရှိနိုင်မည်ဖြစ်သည်။ အချုပ်အားဖြင့် ဒေသအလိုက် သီးနှံမျိုးတူစိုက်ပျိုးကြသည့် တောင်သူများ သမဝါယမအသင်းဖွဲ့စည်းပြီး သွင်းအားစုထုတ်လုပ်ခြင်း၊ ခေတ်မီစက်ကိရိယာ၊ သီးနှံတာရှည်ခံအအေးခန်းစက်ရုံများ တည်ဆောက်ခြင်း၊ အသင်းအချင်းချင်း ချိတ်ဆက်၍ ရောင်းချဖြန့်ဖြူးခြင်း၊ နိုင်ငံတော်အစိုးရ၏ ထောက်ပံ့မှုများဖြင့် ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ပါက တောင်သူများ ဝင်ငွေတိုးပွားခြင်း၊ စားသုံးသူများ ပစ္စည်းမှန် ဈေးမှန် ဝယ်ယူစားသုံးနိုင်ခြင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးတွင် သမဝါယမစီးပွားရေးစနစ်ဖြင့် အထောက်အကူပြုလာနိုင်ခြင်းစသည့် အကျိုးများ ရရှိနိုင်မည်ဖြစ်သည်။



