ရွှေဘောလုံးဆုရှင် ကွင်းလယ်ကစားသမား ရိုဒရီအနေနဲ့ အခုရာသီအတွင်းမှာပဲ ဘောလုံးပြန်ကစားနိုင်မယ်လို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာက အတည်ပြုသွားခဲ့ပါတယ်။ ရိုဒရီဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ဒူးအရွတ် ဒဏ်ရာရခဲ့ပြီးနောက် ခွဲစိတ်ကုသမှုခံယူခဲ့ရပြီး ရာသီကုန်အထိ အနားယူရဖွယ်ရှိတယ်လို့ ခန့်မှန်းထားခဲ့ကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့သောကြာနေ့က မန်စီးတီးအသင်းလေ့ကျင့်ရေးကွင်းမှာ တစ်ဦးတည်း လေ့ကျင့်တာတွေ ပြုလုပ်နေတဲ့ ရိုဒရီရဲ့ ရုပ်ပုံတွေ ထွက်ပေါ်လာခဲ့ပြီးနောက် အခုရာသီမကုန်ခင် မန်စီးတီးအတွက် ရိုဒရီ ပြန်ကစား နိုင်မလား ဆိုတာကို ပရိသတ်တွေ သိချင်လာခဲ့ကြတာ ဖြစ်ပါတယ်။ လေ့ကျင့်မှု ပြန်လုပ်နိုင်တာက အဆင့်တစ်ခုတက် တာဖြစ်သလို ရိုဒရီနဲ့ပတ်သက်လို့ စွန့်စားတဲ့ ဆုံးဖြတ်ချက်တွေ ပြုလုပ်မှာတော့ မဟုတ်ပါဘူးလို့ နည်းပြ ဂွါဒီယိုလာ က ပြောသွားခဲ့ပါတယ်။



