ရန်ကုန်မြို့တွင် နွေရာသီကျောင်းပိတ်ရက်ကြောင့် လူအသွားအလာနှင့် ယာဉ်အသွားအလာများ တက်ကြွလာပြီး စနေ၊ တနင်္ဂနွေနေ့များတွင် ကားကျပ်မှု ပိုမိုမြင့်မားနေကြောင်း သိရသည်။ ရှင်ပြုနားသ အလှူပွဲများ၊ မင်္ဂလာဆောင်များနှင့် အပန်းဖြေခရီးထွက်မှုများကြောင့် ဘုရားများ၊ ဟော်တယ်နှင့် ဈေးဝယ်စင်တာနားရှိ လမ်းကြောင်းများတွင် ယာဉ်ကျပ်မှုများ ပိုမိုထင်ရှားလာသည်။ အထူးသဖြင့် ရွှေတိဂုံစေတီတော်အနောက်ဘက်မုခ်၌ လူများစည်ကားမှု မြင့်တက်နေပြီး မြောက်ဖက်မုခ်တွင် အကျပ်ဆုံးဖြစ်နေကြောင်း သိရသည်။ ထို့ပြင် ရွှေတိဂုံစေတီတော်၊ ဗိုလ်တထောင်စေတီတော်၊ ပြည်သူ့ရင်ပြင်၊ မဟာဗန္ဓုလပန်းခြံ၊ ကန်တော်ကြီး၊ အင်းလျားကန်စောင်းနှင့် ဈေးဝယ်စင်တာများတွင် အပန်းဖြေနေသူများကြောင့် လူစည်ကားမှု များပြားလျက်ရှိသည်။



