၆၃ နှစ်မြောက် တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အနေနဲ့ ပျဉ်းမနား စိုက်ပျိုးရေးသိပ္ပံမှာ "မျိုးစေ့ပြပွဲ ၂၀၂၅" ကြီးကို မတ် ၁ ရက်နေ့က စတင်ဖွင့်လှစ်လိုက်ပါပြီ။ တောင်သူတွေ မျိုးကောင်းမျိုးသန့်တွေ လေ့လာနိုင်ဖို့ စိုက်ခင်း ၁၂ ဧကပေါ်မှာ ကုမ္ပဏီ ၄ ခုနဲ့ ဌာနက သီးနှံ ၇ မျိုးကို စမ်းသပ်စိုက်ပျိုးပြသထားပြီး နေကြာ၊ ပြောင်း၊ ဟင်းသီးဟင်းရွက်မျိုးစုံ ၃၀ ကျော်ကို လေ့လာနိုင်ပါတယ်။ ပြခန်း ၃၂ ခန်းမှာလည်း မျိုးစေ့အမျိုးမျိုးကို ပြသထားပြီး တောင်သူတွေ ကိုယ်တိုင် အကဲဖြတ်ရွေးချယ်နိုင်အောင် စီစဉ်ထားပါတယ်။ ဒါ့အပြင် တောင်သူတွေ ဗဟုသုတရအောင် ပညာပေးဆွေးနွေးပွဲတွေ၊ ဂိမ်းတွေလည်း ထည့်သွင်းထားပါတယ်။ ၃ ရက်ကြာ ကျင်းပမယ့် ဒီပွဲကို ဘယ်သူမဆို အခမဲ့ လာရောက်လေ့လာနိုင်ပြီး စိုက်ပျိုးရေးနည်းပညာတွေ၊ မျိုးစေ့အကြောင်းတွေကို ကျွမ်းကျင်သူတွေက ရှင်းပြပေးနေကြောင်းသိရပြီး တောင်သူတွေအတွက် အကျိုးရှိတဲ့ပွဲမို့ လာရောက်လေ့လာကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။



