ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်း အီဝါ့တဲ ခရိုင် ကမ်းရိုးတန်းဧရိယာတစ်ခုမှာ တောမီးတွေ လောင်ကျွမ်းနေပါတယ်။ ဗုဒ္ဓဟူးနေ့က စတင်ခဲ့တဲ့ Ofunato မြို့က တောမီးဟာ မီးငြှိမ်းသတ်မှုတွေ ပြင်းပြင်းထန်ထန် ကြိုးပမ်းနေပေမဲ့ ဆက်လက်လောင်ကျွမ်းနေဆဲ ဖြစ်ပါတယ်။ စနေနေ့ မနက် ၆ နာရီအထိ ခန့်မှန်းခြေ ဟက်တာ ၁,၄၀၀ မီးလောင်ကျွမ်းခဲ့ပါတယ်။ ကြာသပတေးနေ့မှာတော့ အမျိုးသားတစ်ဦးလို့ ယူဆရတဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့ပါတယ်။ ရဲတွေက သူသေဆုံးရတဲ့ အကြောင်းရင်းကို အတည်ပြုဖို့ ကြိုးစားနေပါတယ်။ အာဏာပိုင်တွေက စနေနေ့မနက်မှာ နောက်ထပ်ခရိုင် ၃ ခုမှာ ဘေးလွတ်ရာတိမ်းရှောင်ရေး အမိန့်ကို ထုတ်ပြန်ခဲ့ပါတယ်။ အခုအခါ အိမ်ထောင်စု ၁,၉၀၀ နီးပါး၊ လူဦးရေ ၄,၆၀၀ နီးပါးကို ဘေးလွတ်ရာတိမ်းရှောင်ဖို့ တိုက်တွန်းထားပါတယ်။



