မြန်မာနိုင်ငံတစ်ဝန်းတွင် ရုရှားနိုင်ငံသုံး Mir ငွေပေးချေမှုစနစ်ကို လက်ခံသည့် POS စက် ၆၇ လုံး ရှိလာပြီဖြစ်ကြောင်း ရုရှားဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ Alexey Guznov က ပြောကြားခဲ့သည်။ ပထမအဆင့်အနေဖြင့် POS အလုံး ၈၀ တပ်ဆင်မည်ဖြစ်ပြီး ဝယ်လိုအားပေါ်မူတည်၍ တိုးချဲ့သွားမည်ဖြစ်သည်။ ရုရှားနှင့် မြန်မာ ဗဟိုဘဏ်များသည် Mir ကတ်လက်ခံမှု တိုးချဲ့ခြင်းနှင့် နှစ်နိုင်ငံဘဏ်များတွင် အပြန်အလှန် ငွေစာရင်းဖွင့်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ ရုရှားခရီးသွားများအတွက် ATM ဝန်ဆောင်မှု တိုးချဲ့ရန်လည်း ဆွေးနွေးနေသည်။ နှစ်နိုင်ငံကုန်သွယ်မှု ၄၀ ရာခိုင်နှုန်း တိုးတက်လာပြီး ရုရှားမှ ဓာတ်မြေသြဇာ၊ ရေနံထွက်ကုန်နှင့် ဆေးဝါးများ တင်သွင်းကာ မြန်မာမှ ဆန်၊ သီးစုံဖျော်ရည်၊ အထည်အလိပ်နှင့် ဖိနပ်များ ပြန်လည်တင်ပို့လျက်ရှိသည်။



