မြန်မာလုပ်သားများ ရုရှနိုင်ငံသို့ စေလွှတ်နိုင်ရေးအတွက် နှစ်နိုင်ငံ MoU လက်မှတ်ရေး ထိုးနိုင်ရေး၊ အလုပ်ရှင် အလုပ်သမား သဘောတူစာချုပ် ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၂၄ ရက်က အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။ယင်းအစည်းအဝေးတွင်ရွှေ့ပြောင်းလုပ်သားများအနေဖြင့် ပြည်ပနိုင်ငံများသို့သွားရောက်အလုပ်လုပ်ကိုင် ဆောင်ရွက်ရာတွင် ကုန်ကျစရိတ်မြင့်မားခြင်း၊ ကျင့်ဝတ်သိက္ခာ မရှိသည့် လုပ်ငန်းရှင်များထံတွင် အလုပ် လုပ်ကိုင် ရပါက လုပ်ငန်းခွင် ပြဿနာအမျိုးမျိုး ကြုံတွေ့ရခြင်း၊ အဓမ္မ အလုပ်လုပ်ကိုင်ခိုင်းစေမှုများ ကြုံတွေ့ရခြင်း၊ အလုပ်ရှင် အလုပ်သမား ဖိနှိပ်ခွဲခြား ဆက်ဆံမှုများ ကြုံတွေ့ရခြင်း၊ လုပ်အားခ ပြည့်ဝစွာ မရရှိခြင်း၊ အလုပ်လုပ်ကိုင်ခွင့်နှင့် နေထိုင်ခွင့် သက်တမ်းတိုး ဆောင်ရွက်ရာတွင် အခက်အခဲများ ရှိခြင်းနှင့် သွားရောက်အလုပ်လုပ်ကိုင်မည့် နိုင်ငံ၏ ရာသီဥတုပြင်းထန်ခြင်းများ ကြုံတွေ့နေရကြောင်း ပြောကြားသည်။



