ကမ္ဘာတစ်ဝန်းက သုတေသီတွေစုပေါင်း ဖန်တီးထားတဲ့ AI မော်ဒယ်တစ်ခုက လူတွေရဲ့ ဘဝဖြစ်ရပ်တွေကို ကြိုတင်ခန့်မှန်းနိုင်တဲ့အပြင် သေဆုံးမယ့် အချိန်ကိုလည်း ကြိုတင်ခန့်မှန်းနိုင်စွမ်း ရှိတယ်လို့ ဆိုပါတယ်။ Life2vec လို့ခေါ်တဲ့ အဲဒီ AI မော်ဒယ်ကို ဒိန်းမတ်နဲ့အမေရိကန်နိုင်ငံက သိပ္ပံပညာရှင်တွေ ဖန်တီးခဲ့တာပါ။ ဒီလို ခန့်မှန်းပေး နိုင်ဖို့အတွက် Ai မော်ဒယ်ကို လပေါင်းများစွာ၊ ဒေတာအချက်အလက်များစွာနဲ့ လေ့ကျင့်မှုတွေ ပြုလုပ်ထားရပါတယ်။ ဒီဒေတာတွေကို အသုံးပြုပြီး AI မော်ဒယ်ကို နောက်တစ်ဆင့် ဘာဖြစ်လာမလဲဆိုတာ ခန့်မှန်းနိုင်ဖို့ လေ့ကျင့်ပေးခဲ့တာ ဖြစ်ပါတယ်။ စမ်းသပ်မှုအနေနဲ့ ၂၀၁၆ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်အတွင်း အသက် ၃၅ နှစ်ကနေ ၆၅ နှစ်ကြား လူတစ်စု ကို စမ်းသပ်ကြည့်တဲ့အခါ ဘယ်သူသေဆုံးမယ်၊ ဘယ်သူကျန်ရစ်မယ်ဆိုတာကို ၇၈ ရာခိုင်နှုန်းလောက် မှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။



