ယခုအချိန်သည် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်ပြီး နိုင်ငံတစ်ဝန်းတွင် ဆောက်လုပ်ငန်းများအား အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိရာ ထိုသို့တည်ဆောက်မှုလုပ်ငန်းများအတွက် ယခုကာလအတွင်း လိုအပ်သည့် ပြည်တွင်းဘိလပ်မြေလိုအပ်ချက်ကို ပြည့်မီစေရန်နှင့် ပြည်တွင်း ထုတ်လုပ်မှုအား အင်အားဖြည့်တင်းပေးနိုင်ရန်အတွက် ပြည်ပမှ ဘိလပ်မြေများကို တင်သွင်းခွင့်ပြုထားခြင်းဖြစ်သည်။ ယခုအခါ ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် တင်သွင်းလာသော ဘိလပ်မြေ တန်ချိန် ၃,၀၀၀ ကို တင်ဆောင်လာသည့် ရေယာဉ်သည် ရန်ကုန်မြို့၊ ရွှေပြည်သာ မုတ္တမဆိပ်ကမ်းသို့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့၊ နေ့လယ် ၁ နာရီ ၁၅ မိနစ် အချိန်၌ ရောက်ရှိခဲ့ပြီး ယနေ့တွင် ဈေးကွက်အတွင်း ဖြန့်ဖြူးရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။



