ကမ္ဘာ့အကြီးဆုံး AI ဒေတာစင်တာများထဲတွင် ပါဝင်မည့် AI ဒေတာစင်တာတခုကို တောင်ကိုးရီးယား တောင်ပိုင်း Jeolla ပြည်နယ်တွင် တည်ဆောက်မည်။ ၎င်းဒေတာစင်တာကို ရင်းနှီးမြှုပ်နှံသူမှာ LG ထူထောင်သူ၏ မြေး Brian Koo (ကိုရီးယားအမည် Koo Bon-woong)ဖြစ်သည်။ ဒေတာစင်တာသည် ဒေါ်လာ ၃၅ ဘီလီယံအထိ ကုန်ကျမည်ဖြစ်ပြီး ဓာတ်အား ၃ ဂစ်ဂါဝပ်အထိ သုံးစွဲမည်ဖြစ်သည်။ Brian Koo ထူထောင်သည့် Stock Farm Road လုပ်ငန်းသစ်မှ ၎င်းစီမံကိန်းကို အကောင်အထည်ဖော်မည်ဖြစ်ပြီး Stock Farm Roadမှ ကြေညာချက် ထုတ်ပြန်ရာတွင် စီမံကိန်းသည် ကန်ဒေါ်လာ ၁၀ ဘီလီယံအထက် ကုန်ကျမည်ဖြစ်ပြီး ကန်ဒေါ်လာ ၃၅ ဘီလီယံအထိ ရှိမည်ဟု ခန့်မှန်းထားကြောင်း၊ ပြည်နယ်အစိုးရနှင့် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်း ဖော်ပြထားသည်။ ယခုနှစ်တွင် စတင်ဆောက်လုပ်မည်ဖြစ်ပြီး ၂၀၂၈ တွင် ပြီးစီးမည်။



