ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ရက်ကနေ ဒီကနေ့ ဖေဖော်ဝါရီလ ၁၉ရက်အထိ ခရမ်းချဉ်သီး တပိဿာကို ၄၀၀ ကျပ်ဝန်းကျင်ခန့်သာ ဈေးရရှိနေတဲ့အတွက် အရှုံးပေါ်နေတယ်လို့ ခရမ်းချဉ်သီးစိုက်တောင်သူတွေထံကနေ သိရပါတယ်။“အခုချိန်က အင်းလေးက နေရာတိုင်းနီးပါးမှာ ခရမ်းချဉ်သီးတွေက တပြိုင်တည်းထွက်လာကြပြီဆိုတော့ ဈေးက ထိုးကျကုန်တာ။ အစိမ်းသီးဆိုရင် ၃၀၀၊ သံယောင်သီးဆိုရင် ၃၅၀၊ ၄၀၀လောက်ပဲ ရတယ်။ ကုန်ကျစရိတ်က တပိဿကို ၄၀၀၊ ၅၀၀လောက်ရှိတော့ ရှုံးပြီပေါ့။ ဒါတောင် ကိုယ့်လုပ်အားခ မပါသေးဘူး”လို့ တောင်သူတယောက်က ပြောပါတယ်။အင်းလေးဒေသထွက်ခရမ်းချဉ်သီးတွေဟာ လက်ရှိအချိန်မှာ ဝယ်လိုအားထက် ရောင်းလိုအား ပိုမိုများပြားနေတာကြောင့် စက်သုံးဆီနဲ့ လုပ်သားငှားရမ်းခ မြင့်တက်မှုတွေ ဖြစ် ပေါ်နေချိန်မှာ စျေးနှုန်းက ကျဆင်းနေတဲ့အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ တောင်သူတွေက ဆိုပါတယ်။



