၂၀၂၆ ကမ္ဘာ့ဖလား ဖွင့်ပွဲမစတင်မီ နာရီပိုင်းအလိုတွင် ထိုင်းနိုင်ငံအခြေစိုက် Jasmine International Plc (JAS) က ကမ္ဘာ့ဖလားပြိုင်ပွဲကြီးတစ်ခုလုံးကို ထိုင်းနိုင်ငံအတွင်း ပြသခွင့်မူပိုင်ခွင့်ကို တရားဝင်ရရှိသွားခဲ့ကြောင်း သိရသည်။ ထို့ကြောင့် MONOMAX အသုံးပြုသူဟောင်းများနှင့် အသုံးပြုသူအသစ်များအနေဖြင့် ပုံမှန်အစီအစဉ် (Standard plans) များမှတစ်ဆင့် ပွဲစဉ် ၁၀၄ ပွဲစလုံးကို ကြည့်ရှုနိုင်မည် ဖြစ်သည်။ထို့ပြင် JAS အနေဖြင့် အဖွင့်ပွဲစဉ်နှင့် ဗိုလ်လုပွဲ အပါအဝင် စုစုပေါင်းပွဲစဉ်များ၏ ၅၀ ရာခိုင်နှုန်းခန့်ကို Free TV လိုင်းများမှတစ်ဆင့် အခမဲ့ကြည့်ရှုနိုင်ရန် မူပိုင်ခွင့်ခွဲဝေ၍ ပြသသွားရန် စီစဉ်ထားကြောင်း သိရသည်။အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကိုနိုင်ငံတို့တွင် ဇွန်လ ၁၁ ရက်မှ ဇူလိုင်လ ၁၉ ရက်အထိ ကျင်းပမည့် ယခုနှစ် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲသည် အသင်းပေါင်း ၄၈ သင်းဖြင့် ပွဲစဉ်ပေါင်း ၁၀၄ ပွဲအထိ ယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့် သမိုင်းတစ်လျှောက် အကြီးမားဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲကြီး ဖြစ်သည်။



