မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်ရှိ နာမည်ကျော် နဗျင်းချည်ထည်ယက္ကန်းလုပ်ငန်းများမှာ နယ်မြေမတည်ငြိမ်မှုကြောင့် မကြာခဏ နေရပ်စွန့်ခွာရခြင်း၊ ကုန်ကြမ်းရရှိမှု ခက်ခဲခြင်းနှင့် လမ်းခရီးသွားလာရ ခက်ခဲခြင်းတို့ကြောင့် ဈေးကွက်သို့ ပစ္စည်းမတင်ပို့နိုင်တော့ဘဲ လုပ်ငန်းများ အများအပြား ရပ်ဆိုင်းထားရကြောင်း သိရသည်။ ယခင်က မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာ၊ ရေစကြိုနှင့် ပခုက္ကူမြို့နယ်များတွင် နဗျင်းထည်ယက်လုပ်သည့် ယက္ကန်းစင်ပေါင်း သောင်းနှင့်ချီ ရှိခဲ့သော်လည်း လက်ရှိတွင် လုပ်ငန်းအများစု ရပ်ဆိုင်းသွားကာ ရာနှင့်ချီသော ယက္ကန်းစင်များ ယိုယွင်းပျက်စီးကုန်ပြီး၊ အချို့လုပ်ငန်းရှင်များမှာမူ မန္တလေးနှင့် နေပြည်တော်ကဲ့သို့ မြို့ကြီးများသို့ ပြောင်းရွှေ့ကာ လုပ်ငန်း ဆက်လက်လုပ်ကိုင်နေကြရသည်။



