အယ်လ်နီညို ဖြစ်စဉ်ကြောင့် မြန်မာ့မုတ်သုံရာသီကို အားပျော့ပြီးမိုးခေါင်ရေရှားခြင်းနဲ့အပူချိန်မြင့်မားခြင်းများဖြစ်ပေါ်နိုင်ခြေရှိတယ်လို့ မိုးလေဝသပညာရှင်ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။ကမ္ဘာလုံးဆိုင်ရာ အပူပိုင်းဒေသ အန္တရာယ်များ GTHO 27MAY-9JUN နှင့် ENSO ဖြစ်ပေါ်ပြောင်းလဲမှု ဆန်းစစ်ချက် 18MAY အစီရင်ခံစာ” ပါ ကမ္ဘာလုံးဆိုင်ရာ အချက်အလက်တွေနဲ့ ရာသီဥတုတွန်းအားတွေကို မြန်မာနိုင်ငံရဲ့ပထဝီဝင် အနေအထားနဲ့နှိုင်းယှဉ်ပြီး လာမယ့် မေလနှောင်းပိုင်းမှ ဇွန်လဆန်းပိုင်းအထိ ဖြစ်ပေါ်လာနိုင်သည့် မိုးလေဝသနှင့် ရာသီဥတုအခြေအနေများကို ကြိုတင်ခန့်မှန်းဆန်းစစ်ရာမှာ ဖော်ပြထားတာဖြစ်ပါတယ်။
အဆိုပါအယ်လ်နီညို ဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံမှာ ဇွန်၊ ဇူလိုင်၊ ဩဂုတ်လတွေမှာ ၁။ မိုးရွာသွန်းမှု ပျမ်းမျှထက် လျော့နည်းခြင်း၊၂။မိုးရွာရက် အဆက်ပြတ်ခြင်း (Monsoon Break) ကြာရှည်ခြင်း၊၃။ မိုးခေါင်ရေရှားခြင်းနှင့် အပူချိန်မြင့်မားခြင်းတို့ကို ဖြစ်ပေါ်စေနိုင်သဖြင့် မိုးစပါးနှင့် မိုးသီးနှံစိုက်ပျိုးမည့် လယ်သမားကြီးများအနေဖြင့် ရေရရှိမှုအခြေအနေကို သေချာစွာ တွက်ချက်ပြင်ဆင်ထားရန် လိုအပ်တယ်လို့ဆိုပါတယ်။
မြန်မာနိုင်ငံအနေဖြင့် လာမယ့်ရက်ပိုင်းအတွင်း မုန်တိုင်းအန္တရာယ်မှ ကင်းဝေးနိုင်သော်လည်း၊ မုတ်သုံဦးကာလ မိုးရွာသွန်းမှုမှာ ပုံမှန်ထက် အားနည်းနိုင်ပြီး အယ်လ်နီညိုအရှိန်ကြောင့် ကုန်းတွင်းပိုင်းမှာ အပူရှိန်ဆက်လက်မြင့်မားနေနိုင်တယ်လို့ဆိုပါတယ်။စိုက်ပျိုးရေးနှင့် ရေအရင်းအမြစ် စီမံခန့်ခွဲမှုကဏ္ဍများတွင် ယခုကတည်းက အယ်လ်နီညို ဘေးအန္တရာယ် တုံ့ပြန်ရေး အစီအမံများကို စတင်ပြင်ဆင်ထားသင့်တယ်လို့ သိရပါတယ်။




