ပြည်တွင်း၌ စက်သုံးဆီဈေးနှုန်းများ ကျဆင်းလာမှုကြောင့် ဘုရင့်နောင်ကုန်စည်ပို့ဆောင်ရေးဂိတ်များတွင် ရန်ကုန်-မန္တလေး ကုန်စည်သယ်ယူခနှုန်းထားများ သိသိသာသာ လျော့ကျလာခဲ့သည်။ ယခင်က ဘိလပ်မြေတစ်အိတ်လျှင် သယ်ယူခကျပ် ၁၀,၀၀၀ ကျော်ရှိရာမှ လက်ရှိတွင် ကျပ် ၆,၀၀၀ ကျော်သို့ ကျဆင်းသွားပြီး ဂိတ်များ၌ တစ်ရက်လျှင် ကုန်ကား ၄ စီးမှ ၅ စီးခန့် ပုံမှန်အဝင်အထွက်ရှိနေသည်။ လက်ရှိတွင် ရှမ်းပြည်နယ်တောင်ပိုင်းမှ ကုန်စိမ်းနှင့် ပြောင်းဖူးကားများအပြင် မန္တလေး၊ မြစ်သားနှင့် ကျောက်ဆည်ဒေသတို့မှ ကြက်သွန်၊ ပဲ၊ နှမ်းကားများ အဝင်များနေကြောင်း သိရသည်။ တစ်ဆက်တည်းမှာပင် ရန်ကုန်မြို့မှတစ်ဆင့် ပဲခူး၊ ပြည်၊ တောင်ငူ၊ ဘားအံ၊ မော်လမြိုင်၊ ထားဝယ်၊ မန္တလေး၊ မုံရွာနှင့် တောင်ကြီးစသည့် ဒေသအသီးသီးသို့လည်း ကုန်စည်များကို တိုက်ရိုက်ပြန်လည်ပို့ဆောင်ပေးလျက်ရှိသည်။ ဤကဲ့သို့ စက်သုံးဆီဈေးကျဆင်းမှုကြောင့် ကုန်စည်စီးဆင်းမှုကဏ္ဍတွင် သယ်ယူပို့ဆောင်စရိတ်များ သက်သာကာ ပိုမိုအဆင်ပြေချောမွေ့လာခြင်းဖြစ်သည်။



