ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်တွင် ယခု ၂၀၂၆ ခုနှစ်အတွင်း တောင်ကြီးဒေသခံမဟုတ်သည့် ကျောင်းနေအရွယ် ကလေးငယ်များအပြင် သက်ကြီးရွယ်အိုများပါ အုပ်စုလိုက် တောင်းရမ်းလာကြသည်။တောင်းရမ်းသူ အများစုသည် ဒေသခံများမဟုတ်ဘဲ တစ်နယ်ပြီးတစ်နယ် ရွှေ့ပြောင်းသွားလာနေကြသူများဖြစ်ပြီး၊ ကလေးကော လူကြီးကော ခြေလက်အင်္ဂါ ကောင်းမွန်သူများ ဖြစ်သော်လည်း မိမိတို့ဒေတွင် လုပ်ကိုင်စားသောက်ရန်အခက်အခဲများကြောင့် တောင်းစားရခြင်းဖြစ်ကြောင်း သိရသည်။"ပြန်လို့လည်းမရ၊ နေစရာလည်းမရှိ၊ မတောင်းစားဘဲ ဘာနဲ့စားမှာတုန်း။ ရွာပြန်ရင်လည်း လုပ်စားလို့မရ၊ အိမ်လည်း မရှိ၊ အရင်းအနှီးလည်း မရှိဘူး။ ခြေလက်အကောင်းတွေ ဒါပေမဲ့ သူတို့မတောင်းစားရင်လည်း သူတို့လုပ်မယ့် ခြံကမရှိဘူး၊ လယ်ကလည်းမရှိဘူး။ ကျောင်းတက်ရမယ့် ကလေးတွေလည်း အများကြီးပဲ။ တစ်နယ်ပြီးတစ်နယ် သွားနေကြတာ၊ ဟိုအရှေ့ဘက် ဟိုပုံးအထိတောင် ရောက်ကုန်ကြပြီ" ဟု မြို့ခံတစ်ဦးကပြောသည်။



