တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ ကလွင်ကျေးရွာအုပ်စု၊ စုံခေါင်းရပ်၊ ဘိုးဘွားရိပ်သာလမ်းရှိ စက်သုံးဆီ သိုလှောင်ကန်စခန်း နဲ့ အရောင်းဆိုင်လုပ်ငန်းတစ်ခုမှာ မေ ၁၇ ရက်၊ မနက် ၈ နာရီလောက်က မီးလောင်မှု ဖြစ်ပွား ပြီး အမျိုးသား သုံးယောက် သေဆုံးခဲ့တယ်လို့ မြိတ်မြို့နယ် မီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။မီးလောင်မှုကိုတော့ မီးသတ်တပ်ဖွဲ့က မီးငြှိမ်းသတ်ယာဉ် ၁၂ စီး၊ ရေသယ်ယာဉ် ၁၈ စီး၊ အမြှုပ်မီးငြိမ်းသတ်ယာဉ် တစ်စီး၊ အုပ်ချုပ်မှုယာဉ် တစ်စီး၊ ရှာဖွေကယ်ဆယ်ရေး တစ်စီးတို့နဲ့ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ မနက် ၉ နာရီခွဲမှာ မီးငြိမ်းခဲ့တယ်လို့ ဆိုပါတယ်။
မီးလောင်ရတဲ့ အကြောင်းရင်းကတော့ ဆီသယ်ယာဉ်တစ်စီးက ဆီသိုလှောင်ကန်အတွင်းကို ဆီဖြည့်ဖို့ ပြင်ဆင်နေ စဉ် ဒိုင်နမိုကတစ်ဆင့် ဆီသယ်ယာဉ်ခေါင်းပိုင်းမှာ ဝါယာရှော့ဖြစ်ပြီး အနီးရှိ လောင်စာဆီငွေ့တွေနဲ့ ထိတွေ့ကာ ဒီ ဇယ်ဆီ ဂါလံ (၁၀၀၀၀) ဆံ့ ဆီသိုလှောင်ကန်ကို မီးကူးစက်ရာမှ မီးလောင်မှု စတင်ဖြစ်ပွားခဲ့တာလို့ မြိတ်မြို့နယ် မီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။မီးလောင်မှုကြောင့် အနီးရှိ ဆိုင်ကယ်တွေ၊ ဆီသယ်ယာဉ် ကားခေါင်းပိုင်းနဲ့ ဒီဇယ်ဆီ၊ ဓာတ်ဆီပီပါတွေ မီးလောင် ကျွမ်းပျက်စီးခဲ့ပြီး မီးလောင်ဆုံးရှုံးမှု တန်ဖိုးမှာ ကျပ်သိန်း လေးရာကျော် ဖြစ်တယ်လို့ ဆိုပါတယ်။
မီးလောင်မှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ရဲစခန်းမှာ အမှုဖွင့် အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။



