ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ ဟိုက်ဖက်ကျေးရွာအုပ်စု၊ နမ့်စန်-မိုးနဲသွားလမ်း၊ မိုင်တိုင်အမှတ် (၁၆/၀)နှင့် (၁၆/၁)အကြား တံတားဖြူ အနီး၌ မေလ ၈ ရက်၊ ည ၇ နာရီကျော်ခန့်က လူနာတင်ယာဉ် တိမ်းမှောက်၍ အမျိုးသမီး တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။ဖြစ်စဉ်မှာ လူနာ အမျိုးသားနှင့် လူနာစောင့် အမျိုးသမီး တစ်ဦးတို့အား လင်းခေးမြို့ရှိ ပရဟိတအသင်း တစ်ခု၏ လူနာတင်ယာဉ်ဖြင့် တောင်ကြီးမြို့မှ တင်ဆောင် မောင်းနှင်လာစဉ် တံတားဖြူအနီးသို့ အရောက်တွင် မော်တော်ယာဉ် လက်ကိုင်ဂွေ တိုက်ရော့ ပြုတ်ကာ လမ်းဘေး လျှိုအတွင်းသို့ ထိုးကျ တိမ်းမှောက်ခြင်း ဖြစ်ကြောင်း သိရသည်။ယာဉ် တိမ်းမှောက်မှုကြောင့် လူနာစောင့် ဖြစ်သည့် မိုးနဲမြို့နေ မခမ်းစန် တွင် စိုးရိမ်ရ ဒဏ်ရာများ၊ လူနာဖြစ်သူ ဦးကျော်အေး တွင် မစိုးရိမ်ရ ဒဏ်ရာများ ရရှိခဲ့သောကြောင့် နမ့်စန်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူစေသော်လည်း မခမ်းစန်မှာ ရရှိသော ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။



