မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ရွှေကြက်ယက်တိုက်နယ်၊ ရွှေကြက်ယက်ဘုရားမှာ ဒီကနေ့ ကဆုန်လဆန်း ၁၄ ရက်နေ့ နေ့လည်ပိုင်းကစတင်ပြီး ကဆုန်ညောင် ရေသွန်းပွဲတော် ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ရွှေကြက်ယက်ကျေးရွာ ညောင်ရေသွန်းပွဲတော်ကို နှစ်စဥ် ကဆုန်လဆန်း ၁၄ ရက်နေ့မှာ သွန်းလောင်းကြတာဖြစ်ပါတယ်။ ကောစကန်ကျေးရွာအုပ်စု ၁၅ ရပ်ကွက်ကနေ မဲနှိုက်ပြီး အစီအတိုင်းလှည့်လည်ကြတာဖြစ်ပါတယ်။အဲ့ဒီနောက်မှာ သပြေတန်းရပ်ကွက်၊ သက္ကယ်တော်ကျေးရွာ၊ စိန်တုန်းကျေးရွာ ၊ ရွာသစ်ကျေးရွာ၊ ရွှေလေးကျေးရွာ၊ ရွှေဟင်္သါကျေးရွာ ၊ မိုးကောင်းကျေးရွာ၊ ရွှေဒင်ကျေးရွာ၊ ပတ္တမြားကျေး ရွာ၊ ကိုးသင်းကျေးရွာ၊ ခဝါကျေးရွာ ၊ ရွှေလောင်းကျေးရွာ၊ အောင်ချမ်းသာကျေးရွာ အသီးသီးတို့ကလည်း အမျိုးသား/ အမျိုးသမီးတွေစုပေါင်းကာ တူညီဝတ်စုံတွေနဲ့ စုရပ်ဖြစ်တဲ့ မင်္ဂလာညောင်စဥ်ကျောင်းတိုက်ကနေ ရွှေကြက်ယက်စေတီတော်အထိ စီတန်းလှည့်လည်တာဖြစ်တယ်လို့ သိရပါတယ်။မနက်ဖြန် ကဆုန်လပြည့်နေ့မှာတော့ ရွှေကြက်ယက်တျုက်နယ်အတွင်းက ဘုန်းကြီးကျောင်းတွေကို ဆွမ်းလောင်းလှူသွားမှာဖြစ်ပြီး ဖျော်ဖြေရေးအစီအစဥ်အနေနဲ့ သစ်လွင်အငြိမ့်ကို မနက် ၁၀ နာရီကတင်ပြီး နေ့လယ် ၃ နာရီ အထိ ရွေကြက်ယက်ဘုရားခြေရင်းမှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။



