မကွေးတိုင်းဒေသကြီး၊ မကွေး-တောင်တွင်းကြီး ကားလမ်းဘေးမှာရှိတဲ့ မြေဧက ၄၆၁ဧက ပေါ်မှာ ဓနရွှေရည်စက်မှုဥယျာဉ်ဇုန်စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်တယ်လို့ မကွေးတိုင်းဒေသကြီး၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနကနေ သိရပါတယ်။လက်ရှိမှာ စက်မှုဇုန်စီမံကိန်းကို မြေကွက်ပေါင်း (၃၉၇)ကွက်မှာ ဖော်ဆောင်နေတာဖြစ်ပါတယ်။ဓနရွှေရည်စက်မှုဇုန်ကို မြန်မာနိုင်ငံရဲ့ စံပြစက်မှုဇုန်၊ တိုင်းဒေသကြီးအတွက် ဂုဏ်ယူရမဲ့ စက်မှုဇုန်တစ်ခုအဖြစ် ရည်ရွယ်ကာအကောင်အထည်ဖော်ဆောင်ရွက်နေတာဖြစ်တယ်လို့ မကွေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်ထွန်းအောင်ကပြောပါတယ်။ ဒီစက်မှုဇုန်အတွင်းမှာဆိုရင် ဒေသထုတ်ကုန်တွေဖြစ်တဲ့ ဆန်စက်လုပ်ငန်း၊ ဆီစက်လုပ်ငန်း၊ ချည်ထည်လုပ်ငန်းနဲ့ အထည်ချုပ်လုပ်ငန်းစတဲ့ လုပ်ငန်းတွေပါဝင်မှာဖြစ်တယ်လို့ ဆိုပါတယ်။



