မန္တလေးတိုင်းဒေသကြီးအပါအဝင် ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးအရှေ့ခြမ်းနှင့် ကရင်ပြည်နယ်ထိစပ်ရာဒေသတချို့၊ တနင်္သာရီတိုင်းဒေသကြီးတို့တွင် ယနေ့ ဧပြီ ၂၂ရက်မှ ဧပြီ ၂၉ရက်အတွင်း မိုးရေချိန်အသင့်အတင့် ရွာသွန်းရရှိနိုင်ကြောင်း သိရသည်။ထို့ပြင် အဆိုပါရက်များအတွင်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင်လည်း မိုးရေချိန်များနိုင်ကြောင်း နိုင်ငံတကာမိုးလေဝသစောင့်ကြည့်သူ ဆရာဝင်းနိုင်က ယနေ့ဧပြီ ၂၂ရက် ညနေပိုင်း၌ လူမှုကွန်ရက်မှ ရေးသားထားသည်။မန္တလေးမြို့တွင် ယခုရက်ပိုင်း နေ့အပူချိန်များမြင့်တက်နေသဖြင့် အပူဒဏ်ခံစားနေရသည့် ပြည်သူများမှာ မိုးကို မျှော်လင့်နေကြသည်။ယခုနှစ် နွေရာသီကာလအတွင်း မြန်မာနိုင်ငံ၌ ပုံမှန်ဖြစ်မြဲအပူချိန်များမှအပ အပူလွန်ကဲခြင်း အပူလှိုင်းဖြတ်ခြင်းများမရှိနိုင်ကြောင်းလည်း ဆရာဝင်းနိုင်က ရေးသားအသိပေးထားသည်ကို တွေ့ရသည်။



