ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာစက်မှုဇုန်ရှိ စက်ရုံတစ်ခုတွင် ယနေ့ သင်္ကြန်အကြို စက်ရုံပိတ်ရက် နောက်ဆုံးနေ့၌ အလုပ်သမားများအား ပေးအပ်သည့် သင်္ကြန်လက်ဆောင် နည်းပါးမှုနှင့် အလုပ်သမားခေါင်းဆောင်များကို မတရားအလုပ်ထုတ်မှုတို့ကြောင့် စက်ရုံအတွင်း ဆန္ဒပြပွဲနှင့် တင်းမာမှုများ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း သိရသည်။ ဖြစ်စဉ်မှာ စက်ရုံအလုပ်သမားများ စုပေါင်း၍ လုပ်ငန်းခွင်စိတ်ထွက်ပေါက်အဖြစ် သင်္ကြန်အကြို ပျော်ပွဲရွှင်ပွဲ ပြုလုပ်ခဲ့ခြင်းကို စက်ရုံတာဝန်ရှိသူများက အကြောင်းပြကာ စီမံခန့်ခွဲမှုပိုင်းမှ အလုပ်သမားခေါင်းဆောင် (All Super) နှင့် စကားပြန်ဖြစ်သူတို့ကို ရုတ်တရက် အလုပ်ထုတ်ပယ်လိုက်ခြင်းဖြစ်သည်။ ၏၎င်းအပြင် စက်ရုံဘက်မှ အလုပ်သမားတစ်ဦးချင်းစီကို သင်္ကြန်လက်ဆောင်အဖြစ် ဆန်အိတ်အသေးလေးတစ်အိတ်နှင့် ဆီတစ်လီတာဘူး တစ်ဘူးစီသာ ပေးအပ်ခဲ့သဖြင့် ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ် ခံနေရသည့် အလုပ်သမားများအကြားတွင် လူရာမသွင်းသကဲ့သို့ ခံစားရကာ မကျေနပ်မှုများ ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။လက်ရှိတွင် အလုပ်သမားများက မတရားအလုပ်ထုတ်ခံရသူများအား အလုပ်ပြန်ခန့်ရန်နှင့် အလုပ်သမားအခွင့်အရေးများ အပြည့်အဝပေးရန် တောင်းဆိုနေကြပြီး စက်ရုံအတွင်း အခြေအနေမှာ အလွန်တင်းမာလျက်ရှိသည်။



