မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်ကွက်တွင် ယမန်နေ့နံနက်ပိုင်း ၉ နာရီဝန်းကျင်က ကားနှင့်စက်ဘီး မတော်တဆမှုကြောင့် ကလေးတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။“မြို့သစ်ကြီးစျေးအနီးမှာ သဲကျောက်တင်တဲ့ကားနဲ့ စက်ဘီးစီးလာတဲ့ကလေးနှစ်ယောက် တိုက်မိတာ တစ်ယောက်က အနည်းငယ်ဒဏ်ရာရပြီး တစ်ယောက်က ခါး (ဝမ်းဗိုက်) တက်ကြိတ်မိပြီး နေရာမှာတင် သေဆုံးခဲ့ပါတယ်။ ဒီနေ့ဆို ရှင်ပြုမဲ့ကလေးလို့တော့ပြောကြတယ်။ ကားသမားတော့ ထွက်ပြေးတိမ်းရှောင်ခြင်း မရှိခဲ့ပါဘူးဗျာ” ဟု ပြောသည်။သေဆုံးခဲ့သည့် အသက် ၁၂ နှစ်အရွယ် ယောက်ျားလေးတစ်ဦး ယနေ့သင်္ဂြိုဟ်လိုက်ပြီဖြစ်ကြောင်း သိရသည်။ဘယ်ဘက်လက်တွင်ကျိုးပဲ့ဒဏ်ရာရရှိခဲ့သည့် အသက် ၉ နှစ်အရွယ် ယောက်ျားလေးတစ်ဦးမှာ မြစ်ကြီးနားပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း နီးစပ်သူတစ်ဦးက ပြောသည်။



