ပြည်ပထွက်ခွာမည့် လူငယ်များကို နည်းမျိုးစုံဖြင့် ကန့်သတ်နေသည့်အပြင် ပြေး(၄) ပြေး မရှိစေရန်ဟုဆိုကာ ရန်ကုန်လေဆိပ်တွင် စစ်ဆေးတင်းကြပ်မည်ဟု ဧပြီလ(၂)ရက် ရက်စွဲဖြင့် ထပ်မံထုတ်ပြန်သည်။အဖွဲ့စုံဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ယခင်ထက် စစ်ဆေးမှုပိုတင်းကြပ်လာမှုကြောင့် မလိုလားဘဲအချိန်ကုန်ဆုံးမှု၊ စိတ်အနှောင့်ယှက်ဖြစ်မှုနှင့် ကြုံနေရကြောင်း ပြည်ပထွက်မည့် လူငယ်ထံမှသိရသည်။"ပြေး(၄)ပြေးမရှိစေဖို့စစ်ဆေးတာတဲ့ အရင်ကလေ ဆိပ်မှာ ၁ နာရီလောက်ကြိုသွားပြီးစောင့်နေရတဲ့အဖြစ်ကနေ အခု ၃ နာရီလောက်ကြိုသွားရတာမျိုး။ စစ်လိုက်တာ ရစ်လိုက်တာဆိုတာ အထက်စီးနဲ့"ဟု ပြည်ပထွက်သည့် လူငယ်တစ်ဦးက ပြောသည်။
ထုတ်ပြန်ချက်တွင် ရန်ကန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြည်ပထွက်ခွာမည့်သူများ တရား ဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေမည့် ပြေး(၄)ပြေးများ မပါစေရန် မှတ်ပုံတင်ပါ စီစစ်ဆောင်ရွက်မှုကို ကောင်တာနေရာနှင့် ပြည်ပဆိုက်ရောက် လေကြောင်းရဲတပ်ဖွဲ့ ကောင်တာနေရာများတွင် လေကြောင်းရဲတပ်ဖွဲ့မှ စစ်ဆေးဆောင်ရွက်မည် ဖြစ်ကြောင်း ပါရှိသည်။လေကြောင်းလိုင်းအနေဖြင့်လည်း ကြိုတင်ခရီးသည်စာရင်းနှင့် အတည်ပြုခရီးစာရင်းများတွင် မှတ်ပုံတင်အမှတ်များ ပြည့်စုံစွာ ထည့်သွင်းဖော်ပြပေးရန်နှင့် မြန်မာနိုင်ငံသား ခရီးသည်များအား လက်မှတ်ရောင်းချရာတွင် နိုင်ငံသားစိစစ်ရေးအပြည့်အစုံဖြည့်ရန် အကြောင်းကြားထားကြောင်း ဖော်ပြထားသည်။ခရီးသည်များကို လေကြောင်းလိုင်းကောင်တာမှာ check in ဝင်စဥ် နိုင်ငံသားစိစစ်ရေးကတ်များပါဝင်ရေး စိစစ်ပေးရန်နှင့် လိုအပ်သည်များပူးပေါင်းပါဝင်ပေးရန် ထုတ်ပြန်ကြေညာထားသည်။



