စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ် ချင်းတွင်းမြစ်ရှိ ခိုပဲဝဆိပ်ကမ်းမှာ မနေ့က မတ် ၂၉ ရက်နေ့ ၊ နေ့လယ် ၁ နာရီကျော်လောက်မှာ စက်လှေတွေမီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးစတင်လောင်ကျွမ်းခဲ့တဲ့ စက်သုံးဆီတင်စက်လှေတစီးကတော့ ဒီနေ့ မတ် ၃၀ ရက်နေ့ ညနေအထိလည်း မီးလောင်နေဆဲဖြစ်တယ်လို့ သိရပါတယ် ။ လက်ရှိမှာ စက်လှေသုံးစီးအနက် နှစ်စီးကတော့ မီးငြိမ်းသွားကြောင်း ၊ ကျန်တစီးက မီးငြိမ်းသတ်ဖို့ခက်ခဲတဲ့အခြေအနေတွေကြောင့် ခုချိန်ထိ မီးလောင်နေဆဲ ဖြစ်လို့ ငြိမ်းသတ်နေရကြောင်းနဲ့ လတ်တလောမှာ ရုပ်အလောင်းတခုတော့ ရှာတွေ့ထားတယ်လို့ ဟုမ္မလင်း မြို့နယ်မီးသတ်ဦးစီးဌာနက သိရပါတယ်။ အဆိုပါ စက်သုံးဆီ စက်လှေဟာ မုံရွာကနေ ဟုမ္မလင်းမြို့ကို စက်သုံးဆီတင်ဆောင်လာတဲ့ စက်လှေဖြစ်ကြောင်းသိရပြီး မီးလောင်မှုအတွင်း ပေါက်ကွဲမှုတွေပါ ရှိခဲ့တယ်လို့ သိရပါတယ် ။ လက်ရှိမှာတော့ ဟုမ္မလင်း မြို့နယ်မီးသတ်တပ်ဖွဲ့နဲ့ ဒေသခံစက်လှေလုပ်သားတွေ ပူးပေါင်းပြီး မီးငြိမ်းသတ်နေကြရဆဲဖြစ်တယ်လို့ သိရပါတယ်။



