မန္တလေးတိုင်းထဲက ၃ နေရာမှာ တရက်တည်း မီးလောင်မှု ၃ ကြိမ် ဖြစ်ပွားခဲ့ပြီး လူတယောက် သေဆုံးကာ တယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက သိရပါတယ်။မတ် ၂၆ ရက် မနက်ပိုင်းမှာ မန္တလေးတိုင်းထဲက မဟာအောင်မြေ၊ ပျော်ဘွယ်၊ မိတ္ထီလာမြို့နယ်တွေမှာ တရက်တည်း မီးလောင်မှု ၃ ကြိမ် ဖြစ်ပွားခဲ့ပြီး မဟာအောင်မြေမြို့နယ်၊ ၈၇ လမ်းနဲ့ ၃၇ လမ်းကြား မီးလောင်မှုဖြစ်စဉ်မှာ လူငယ် တယောက် သေဆုံးကာ တယောက် ဒဏ်ရာရရှိခဲ့ပြီး ပျော်ဘွယ်နဲ့ မိတ္ထီလာမြို့နယ်တွေက မီးလောင်မှုတွေမှာတော့ နေအိမ်တွေပဲ မီးလောင်ပျက်စီးခဲ့တယ်လို့ သိရ ပါတယ်။
သက်ဆိုင်ရာ မီးသတ်ဦးစီးဌာန တာဝန်ရှိသူတယောက်က “မဟာအောင်မြေက မီးလောင်မှုကြောင့် အသက် ၁၇ နှစ် ကျော် အရွယ်ရှိတဲ့ လူငယ်တယောက် ဆုံးသွားတယ်။ မီးလောင်ဒဏ်ရာတွေနဲ့ ဆုံးတာ။ နောက်ထပ် အမျိုးသမီး တယောက်လည်း မီးလောင်ဒဏ်ရာ ရရှိခဲ့ပါတယ်။ နောက်ထပ် မီးလောင်မှုဖြစ်စဉ် ၂ ခုမှာ လူထိခိုက်တာ မရှိပါဘူး” လို့ ပြောပါတယ်။အဆိုပါ မဟာအောင်မြေ၊ ပျော်ဘွယ်၊ မိတ္ထီလာမြို့နယ်တွေက မီးလောင်မှုဖြစ်စဉ်တွေကြောင့် ဆုံးရှုံးမှုတန်ဖိုးတွေနဲ့ မီးလောင်မှု အကြောင်းအရင်း အသေးစိတ်ကို မီးသတ်ဦးစီးဌာနနဲ့ ရဲတွေက စစ်ဆေးနေတယ်လို့ သိရပါတယ်။



