စက်သုံးဆီ ဝယ်ယူရခက်တဲ့အခြေအနေတွေကြောင့် ကုန်ကားတွေ မထွက်နိုင်တော့ တဲ့အတွက် လယ်ယာစိုက်ပျိုးရေးထွက်ကုန်ပစ္စည်းတွေကို ရန်ကုန်နဲ့ မြို့ကြီးတွေကို တင်ပို့နိုင်ဖို့ အခက်တွေ့နေရတယ်လို့ ကုန်သည်တွေဆီက စုံစမ်းသိရှိ ရပါတယ်။ လယ်ယာစိုက်ပျိုးရေးထွက်ကုန်ပစ္စည်းတွေကို ရန်ကုန် ၊ မန္တလေး အပါအဝင် ဒေသတချို့ကို တင်ပို့နိုင်မှု လျော့ကျလာတာကြောင့် နယ်တွေမှာ အရောင်းအဝယ်အေးပြီး ကုန်စည်တွေ စျေးအကျဘက်ကို ရောက်လာနေတယ်လို့ သိရပါတယ်။ ဧရာဝတီတိုင်း ၊ ပဲခူးတိုင်း ၊ မကွေး ၊စစ်ကိုင်း ၊ ရှမ်းပြည်နယ် အပါအဝင် စတဲ့ဒေသတွေကနေ ထွက်ရှိတဲ့ လယ်ယာထွက်ကုန် ပစ္စည်းတွေကို ရန်ကုန် နဲ့ မန္တလေးကို အဓိကတင်ပို့ ရောင်းချရတာ ဖြစ်ပြီး မန္တလေးတိုင်းထဲက ထွက်ရှိတဲ့ ကုန်ပစ္စည်း ဆိုရင်လည်း ရန်ကုန်ကို အဓိကတင်ပို့ရတာ ဖြစ်ကြောင်း ၊ Export တင်ပို့တဲ့ ပစ္စည်းတွေဆိုရင်လည်း ရန်ကုန်ကမှတဆင့် တင်ပို့နေရတာဖြစ်ပါတယ်။ ဒါကြောင့် လယ်ယာထွက်ကုန်ပစ္စည်းတွေကို ရန်ကုန်ကို တင်ပို့နိုင်ခြင်းမရှိပါက ပြည်ပတင်ပို့မှုလည်းလျော့ကျသွားနိုင်သလို ပြည်တွင်း ကုန်စည်စီဆင်းမှု လည်း ပြတ်တောက်သွားနိုင်တယ်လို့ ဆိုပါတယ်။



