စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ချင်းတွင်းမြစ် ဇက်ဆိပ်တွင် ရေဆင်းချိုးရာမှ ရေနစ်ပျောက်ဆုံးနေသည့် ရုပ်အလောင်း နှစ်လောင်းကို ယနေ့(မတ် ၁၈ ရက်)နံနက် ၇ နာရီခွဲတွင်ပြန်လည်တွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့( မုံရွာ)မှတာဝန်ရှိသူတစ်ဦးကပြောသည်။ ဖြစ်စဉ်မှာ မုံရွာမြို့ ချင်းတွင်းမြစ် ဇက်ဆိပ်တွင် မတ် ၁၆ ရက် ညနေပိုင်းတွင်အသက် ၁၄ နှစ်အရွယ်ရှိ ယောကျ်ားလေးသုံးဦး နှင့် မိန်းကလေးနှစ်ဦးတို့ ရေဆင်းကူးရာမှ ရေနစ်ခဲ့သည့်အတွက် နီးစပ် စက်လှေများက ဝိုင်းဝန်ဆယ်ယူခဲ့ရာ ယောကျ်ားလေးတစ်ဦးနှင့် မိန်းကလေးတစ်ဦးတို့ကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီးကျန်သုံးဦးမှာ ရေနစ်ပျောက်ဆုံးခဲ့ကြောင်းသိရသည်။ ကလေးသုံးဦးရေနစ်ပျောက်ဆုံးနေတယ်လို့ ကျွန်တော်တို့အသင်းကို ဆက်သွယ်လာလို့ ၁၆ ရက်နေ့ ညနေပိုင်မှာသွားရောက်ရှာဖွေပေးတယ်။ မတွေ့ခဲ့ဘူး။ နောက်တစ်နေ့ မတ် ၁၇ ရက် မှာလည်းမိသားစုတွေရဲ့ တောင်းဆိုမှုအရဆက်လက်ရှာဖွေတာ နေ့လည်လောက်မှာ တစ်ဦးတွေ့ခဲ့တယ်။ နှစ်ဦးကိုဆက်လက်ရှာဖွေတာမတွေ့ခဲ့ဘူး။ ဒီနေ့ မနက် ၇ နာရီခွဲလောက်မှာတော့ ရေနစ်တဲ့သူအလောင်း နှစ်လောင်းပေါ်နေတယ်လို့ သတင်းရောက်လာလို့ သွားရောက်ဆယ်ယူပေးခဲ့ပါတယ်" ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့( မုံရွာ)မှတာဝန်ရှိသူတစ်ဦးကပြောသည်။ မတ် ၁၇ ရက်ကတွေ့ရှိခဲ့သည့် ရုပ်အလောင်းကို သုမေဓ လူမှုကူညီရေးအသင်း မှလူနာတင်ယာဉ်ဖြင့်လည်းကောင်း၊ ယနေ့တွေ့ရှိသော ရုပ်အလောင်းနှစ်လောင်းကိုမြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့( မုံရွာ)ယာဥ်ဖြင့် မုံရွာပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်းသိရသည်။



