ရှမ်းပြည်နယ်အရှေ့ပိုင်း၊ကျိုင်းတုံတွင် (၆၃၉) ခုနှစ်မြောက် "စော်ဘွားဈေးနေ့" ကျင်းပ

Mar 10 • 4:51 AM

breaking-news

မြန်မာ

ရှမ်း

breaking-news
cover

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ကျိုင်းတုံတွင် (၆၃၉) ခုနှစ်မြောက် "စော်ဘွားဈေးနေ့" ကျင်းပ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၏ သမိုင်းဝင်ယဉ်ကျေးမှုဓလေ့တစ်ခုဖြစ်သော (၆၃၉) ခုနှစ်မြောက် ကတ်ကောဝ် (ခေါ်) ဈေးဟောင်းနေ့ (သို့မဟုတ်) စော်ဘွားဈေးနေ့ အထိမ်း...

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၏ သမိုင်းဝင်ယဉ်ကျေးမှုဓလေ့တစ်ခုဖြစ်သော (၆၃၉) ခုနှစ်မြောက် ကတ်ကောဝ် (ခေါ်) ဈေးဟောင်းနေ့ (သို့မဟုတ်) စော်ဘွားဈေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ မတ်လ ၁၀ ရက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။ကျိုင်းတုံမြို့တွင် တစ်နှစ်လျှင် တစ်ရက်သာ "စော်ဘွားဈေးနေ့" အဖြစ် သတ်မှတ်ခင်းကျင်းရောင်းချလေ့ရှိပြီး၊ ထိုနေ့တွင် ကျိုင်းတုံမြို့မဈေးကြီးကို ပိတ်ထားကာ ဈေးသည်အားလုံး စော်ဘွားဈေးနေရာသို့ လာရောက်ရောင်းချကြခြင်းဖြစ်သည်။ယနေ့ မတ်လ ၁၀ ရက် (တပေါင်းလဆုတ် ၈ ရက်၊ အင်္ဂါနေ့) သည် ငါးရက်တစ်ဈေးဖြစ်သော ကတ်တောင်ဈေးနေ့နှင့် တိုက်ဆိုင်နေသဖြင့် ကျင်းပရေးအဖွဲ့က ယခုရက်ကို ရွေးချယ်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ စော်ဘွားဈေးနေ့ကို များသောအားဖြင့် တပေါင်းလဆုတ် "စုံ" ဂဏန်းရက်များဖြစ်သည့် တနင်္လာ၊ အင်္ဂါ၊ ကြာသပတေးနှင့် စနေနေ့များတွင် ကျရောက်ပါက ရွေးချယ်ကျင်းပလေ့ရှိကြောင်း သိရသည်။အမှန်က ဈေးဟောင်းနေ့ပါ။ ဒီနေရာကဈေးကို မြို့မဈေးကြီးဆီ ပြောင်းဖွင့်ထားလို့ ဈေးဟောင်းနေရာလို့ ခေါ်တာပါ။ စော်ဘွားဈေးလို့ အမည်တွင်လာတာကတော့ စော်ဘွား စောဝ်ကျစ်ပ်ပန်းတူ လက်ထက်မှာ ဒီနေရာကို အောင်မြေအဖြစ် သတ်မှတ်ပြီး စစ်ထွက်တိုင်း နတ်ကွန်းကို ဂါရဝပြုရာကနေ စော်ဘွားဈေးလို့ ခေါ်လာကြတာပါ" ဟု ကျိုင်းတုံဒေသခံတစ်ဦးက ပြောသည်။စော်ဘွားဈေး၏ သမိုင်းကြောင်းမှာ သက္ကရာဇ် (၇၃၀) ခုနှစ်၊ အေဒီ (၁၃၆၈) ခုနှစ် စော်ဘွား စောဝ်ကျစ်ပ်ပန်းတူ (ခေါ်) စောဝ်သတ္တဗန္တုရာဇာ လက်ထက်မှ စတင်ခဲ့ခြင်းဖြစ်သည်။ စော်ဘွားဈေးနေ့" သည် ကျိုင်းတုံမြို့၏ ထူးခြားသော ဝိသေသတစ်ခုဖြစ်သဖြင့် ပြည်တွင်းပြည်ပ ခရီးသွားများ စိတ်ဝင်စားမှုရှိကြသည်။ ထိုနေ့တွင် ဈေးလာသူအားလုံး မင်္ဂလာအဖြာဖြာနှင့် ပြည့်စုံပြီး ဈေးအတွင်းမှ ပစ္စည်းများဝယ်ယူပါက စီးပွားရေး၊ ကျန်းမာရေး ကောင်းမွန်သည်ဟု ယူဆကြသဖြင့် ကလေးငယ်များမှအစ သက်ကြီးရွယ်အိုများအဆုံး စည်ကားလှပစွာ လာရောက်ဝယ်ယူလေ့ရှိကြသည်။


news-view-count-icon

50