Sky Fashion Myanmar အထည်ချုပ်စက်ရုံမှာ လုပ်သက် တစ်နှစ် နီးပါးရှိ အလုပ်သမားတွေကို အသက်မပြည့်ဘူး ဆိုပြီး နေ့စားလုပ်သားအဖြစ် ပြောင်းလဲလုပ်ကိုင်ခိုင်းတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အလုပ်ဝင် ချိန်မှာ အသက်ပြည့်မပြည့် စစ်ဆေးမှုူတွေ ပြုလုပ်ခဲ့ပေမဲ့ လုပ်သက် ၈ လကျော်မှာ နေ့စားလုပ်သားအဖြစ် ပြောင်းလဲခဲ့တာလို့ အလုပ်သမားတွေ ပြောပါတယ်။လက်ရှိ ကျင့်သုံးနေတဲ့ အလုပ်သမားဥပဒေက နေ့စားလုပ်သားနဲ့ အမြဲတမ်းလုပ်သားတွေရဲ့ အခွင့်အရေးတွေကို မခွဲခြားပေမဲ့ လက်ရှိ စက်ရုံတွေမှာ နေ့စားအလုပ်သမားတွေမှာ လူမှုဖူလုံရေးကြေး ပေးခွင့်မရသလို ခွင့်ရက်နဲ့ ခွင့်ခံစားခွင့်တွေ ရမနေဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံက တခြားအလုပ်သမားတွေမှာ ဥပဒေပါ အခွင့်အရေးတွေ ခံစားခွင့်မရဘူးလို့လည်း သိရပါတယ်။ Sky Fashion Myanmar Co.,ltd အထည်ချုပ်စက်ရုံက ရန်ကုန်မြို့၊ မြစိမ်းရောင်စက်မှုဇုန်၊ မြစံပယ်၁လမ်းမှာ ဖွင့်လှစ်ထားတဲ့ တရုတ်နိုင်ငံသားပိုင် စက်ရုံလို့ သိရပါတယ်။ အလုပ်သမား ၈၀၀ကျော် လုပ်ကိုင်ပြီး Alvaro Moreno တံဆိပ်အထည်တွေ ချုပ်နေတယ်လို့ သိထားပါတယ်။



