မတ်လ ၃ ရက်နေ့ (မြန်မာလို တပေါင်းလပြည့်ကျော်တစ်ရက်) ညနေမှာ လအပြည့်ကြတ်ခြင်းဖြစ်စဉ် (Total Lunar Eclipse)ကို ကျွန်တော်တို့ မြန်မာနိုင်ငံတစ်ဝန်းလုံးမှ မိုးတိမ်ကင်းစင်နေမယ်ဆိုရင် ဖြစ်စဉ်တဝက်ခန့်ကို ကောင်းမွန်စွာ မြင်တွေ့ရမှာဖြစ်ပါတယ်။လအပြည့်ကြတ်မယ့် အဆင့်တစ်ခုတည်းကို ၅၈ မိနစ်ကြာမြင်တွေ့ရမှာဖြစ်ပြီး လကြတ်ခြင်းဖြစ်စဉ် အစအဆုံးအနေနဲ့ကတော့ ကြာမြင့်ချိန် ၅ နာရီ ၃၉ မိနစ်ခန့် ကြာမြင့်မှာလည်းဖြစ်ပါတယ်။
လကြတ်ခြင်းဖြစ်စဉ် အချိန်ဇယား
အောက်မှာဖော်ပြထားတာကတော့ မြန်မာစံတော်ချိန် (+6:30 UTC) ဖြစ်ပါတယ်။
🌔လ စတင်ကြတ်ချိန်
မတ်လ ၃ ရက်၊ ညနေ ၃:၁၄
🌓လ တစ်စိတ်တစ်ပိုင်း စတင်ကြတ်ချိန်
မတ်လ ၃ ရက်၊ ညနေ ၄:၂၀
🌒လ အပြည့်စတင် ကြတ်ချိန်
မတ်လ ၃ ရက်၊ ညနေ ၅:၃၄
🌑လအပြည့်အကြတ်ဆုံးအချိန်
မတ်လ ၃ ရက်၊ ည ၆:၀၃
လ စထွက်ချိန် ည ၆:၀၇
🌘လအပြည့်ကြတ်ခြင်း ပြီးဆုံးချိန်
မတ်လ ၃ ရက်၊ ည ၆:၃၂
🌖လတစ်စိတ်တစ်ပိုင်းကြတ်ခြင်း ပြီးဆုံးချိန်
မတ်လ ၃ ရက်၊ ည ၇:၄၇
🌕လကြတ်ခြင်းဖြစ်စဉ် ပြီးဆုံးချိန်
မတ်လ ၃ ရက်၊ ည ၈:၅၃
အချို့ လကြတ်တဲ့အချိန်တွေမှာ လက သွေးနီရောင်ပြောင်း သွားတတ်ပါတယ်။ ဒီလိုအနီရောင်ပြောင်းသွားတာက ဘာလို့လဲဆိုတော့ နေရောင်က ကမ္ဘာ့လေထုကို ဖြတ်သွားတဲ့အခါ နေရောင်ထဲမှာပါတဲ့ အစိမ်း၊ အပြာ၊ မဲနယ်၊ ခရမ်း စတဲ့အရောင်တွေဟာ လေထုထဲမှာ refract (အလင်းယိုင်) သွားတာကြောင့် ကျန်နေတဲ့အနီရောင်ကသာ လပေါ်ကို ကျရောက်တဲ့အတွက် လက အနီရောင်ပြောင်းသွားတာပဲဖြစ်ပါတယ်။
လပြည့်တဲ့အချိန်မှာ ကမ္ဘာဟာ နေနဲ့ လကြားကျရောက်တဲ့ အတွက်“လကြတ်”တာကလဲ လပြည့်နေ့မှာပဲဖြစ်ပေါ်ပါတယ်။ လဟာ ကမ္ဘာရဲ့ အရိပ်ထဲ ဝင်သွားတဲ့အတွက်လကြတ်ခြင်း ဆိုတာဖြစ်ပေါ်ပါတယ်။ ဒီလိုဖြစ်ဖို့အတွက် ကမ္ဘာက နေနဲ့လကြား ရောက်နေတဲ့အချိန်မှာ ကမ္ဘာ၊ နေ၊ လ ဟာ တစ်တန်းတည်းဖြစ်ဖို့လိုတာကြောင့် လပြည့်ညမှာသာ လကြတ်ခြင်းဖြစ်ပေါ်တာပါ။
ဒါ့အပြင် လ အမှန်တကယ်ပြည့်တဲ့ရက် သို့မဟုတ် လကြတ်ခြင်း ဖြစ်ပေါ်တဲ့နေ့ နဲ့ ကျွန်တော်တို့ ရဲ့ မြန်မာ ပြက္ခဒိန်ထဲက လပြည့်နေ့ ဟာ တချို့လတွေမှာ တရက် ကွာခြားပါတယ်။ အခု လကြတ်ခြင်းဖြစ်စဉ်ဟာ မြန်မာပြက္ခဒိန်တွေအရ တပေါင်းလပြည့်ကျော်တစ်ရက်နေ့မှာဖြစ်ပေါ်မှာဖြစ်ပါတယ်။
လပြည့်တဲ့ အချိန်နဲ့ နောက်တစ်ခါထပ် လပြည့်မယ့်အချိန် နှစ်ခုကြားက ကြာချိန်က ပျမ်းမျှ ၂၉.၅၃ ရက်ရှိပါတယ်။ တစ်နှစ်မှာ လကြတ်ခြင်းဖြစ်စဉ် နှစ်ခါကနေ သုံးခါခန့်အထိဖြစ်ပေါ်တတ်ပြီး အခုနှစ်အဖို့ ဒါဟာ ပထမဆုံး လကြတ်ခြင်းဖြစ်ပါတယ်။



