ဖေဖေါ်ဝါရီ ၁၆ ရက်ညပိုင်းတွင် တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်၊ မြို့ရှောင်လမ်းဘေး ကိုင်းတောအတွင်း အမည်မသိအမျိုးသမီးတစ်ဦး သေဆုံးနေကြောင်း သတင်းအရ ဟောင်လိတ်နယ်မြေရဲစခန်းမှ တာဝန်ရှိသူများက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ပြီး အလောင်းအား တာချီလိတ်ခရိုင်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ကာ သေမှုသေခင်း (၁/၂၀၂၆)ဖြင့် ရေးဖွင့်ခဲ့ကြောင်း သိရသည်။ထို့နောက် CCTV မှတ်တမ်းများနှင့် စုံစမ်းစစ်ဆေးချက်များအရ မသင်္ကာသူများအား ဖမ်းဆီးရမိရေး အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ဖေဖေါ်ဝါရီ ၂၄ ရက်ညနေပိုင်းတွင် မြို့ပတ်လမ်း၊ ပါလျှံ(၁)၊ ရန်အောင်မြေ ရပ်ကွက်တွင် နေထိုင်သူ စိုင်းဇော်ပိုင်(ခ) နပိတ် (၂၅)နှစ်အား ဝိန်းကျောက်ရပ်ကွက်၊ ရွှေမိသားစုဟိုတယ် အနီးတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ဖမ်းဆီးရမိခဲ့သူအား ဆက်လက်စစ်ဆေးခဲ့ရာ ပြစ်မှုကျူးလွန်ရာတွင် ၎င်းနှင့်အတူပါဝင်ခဲ့သူမှာ ဉာဏ်လင်းထက်(ခ) အားစန်းကောနှင့် မိခင်ဖြစ်သူ ဒေါ်နန်းကိန်ခမ်း ဆိုသူဖြစ်ကြောင်း၊ သေဆုံးသူ မဖြူဖြူအေးအား ဖေဖေါ်ဝါရီ ၁၃ ရက်ညပိုင်းက ဆေးခမ်းရပ်ကွက်ရှိ စားသောက်ဆိုင်တစ်ဆိုင်မှသွားရောက် ခေါ်ဆောင်ခဲ့ကြောင်း၊ ၎င်းမှာ လမ်းတွင်ကျန်နေရစ်ခဲ့ကြောင်း၊ တရားခံဖြစ်သူ ဉာဏ်လင်းထက်(ခ) အားစန်းကောနှင့် သေဆုံးသူ မဖြူဖြူအေးတို့မှာ ဉာဏ်လင်းထက် ငှားရမ်းနေထိုင်သည့် ဝိန်းကျောက်ရပ်ကွက်၊ နေအိမ်လိုင်းခန်းငှားသို့ ဆက်လက်ထွက်ခွာသွားခဲ့ကြောင်း၊ ထို့နောက် ဖေဖေါ်ဝါရီ ၁၄ ရက်မနက်အစောပိုင်းတွင် တရားခံဖြစ်သူ ဉာဏ်လင်းထက်မှ ၎င်းအားဖုန်းဆက်၍ခေါ်သောကြောင့် နေအိမ်လိုင်းခန်းသို့ သွားရောက်ခဲ့ရာ မဖြူဖြူအေးမှာ ဆေးလွန်ကာ အသက်ရှုကြပ်ပြီး သတိလစ်နေ၍ ၎င်းတို့(၂)ဦးမှာ ဝိုင်းဝန်းပြုစုခဲ့ကြကြောင်း သိရသည်။ မဖြူဖြူအေး၏ သေဆုံးမှုသတင်းမှာ အွန်လိုင်းစာမျက်နှာပေါ်တွင် နေ့စဉ်ပျံ့နှံ့နေသဖြင့် တရားခံများ ဖြစ်ကြသည့် ဉာဏ်လင်းထက်နှင့် မိခင်ဖြစ်သူ ဒေါ်နန်းကိန်ခမ်းတို့မှာ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရပြီး အမှုနှင့်ပတ်သက်၍ ဖမ်းဆီးရမိခဲ့သူ တရားခံ စိုင်းဇော်ပိုင်(ခ) နပိတ်(၂၅)နှစ်အား ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ စီစဉ်ဆောင်ရွက်လျှက်ရှိကာ ထွက်ပြေးတိမ်းရှောင်နေကြသည့် ဉာဏ်လင်းထက်(ခ) အားစန်းကောနှင့် မိခင်ဖြစ်သူ နန်းကိန်ခမ်းတို့အား ဖမ်းဆီးရမိရေးအတွက် ဆက်လက်စုံစမ်း ရှာဖွေလျှက်ရှိကြောင်း သိရသည်။



