ရန်ကုန်မြစ်အတွင်း အပျော်စီးခရီးစဉ်အဖြစ် ပြေးဆွဲနေသော သင်္ဘောများသည် ယခုနောက်ပိုင်းတွင် ဆိပ်ကြီးခနောင်တိုဘက်သို့ ခရီးစဉ်လမ်းကြောင်း တိုးချဲ့ပြေးဆွဲလာကြောင်း ခရီးစဉ်ဝန်ဆောင်မှုပေးနေသူများထံမှ သိရသည်။ယခင်က စနေ၊ တနင်္ဂနွေနှင့် အခါကြီးရက်ကြီး ပိတ်ရက်များတွင် ညနေပိုင်းအပျော်စီးခရီးစဉ်များကို ရန်ကုန်မြစ်အတွင်း ပင်လယ်ဝအထိ ပြေးဆွဲခဲ့ရာမှ ယခုအခါ နံနက်ပိုင်းခရီးစဉ်အဖြစ် ဆိပ်ကြီးခနောင်တိုလမ်းကြောင်းသို့ တိုးချဲ့ပြေးဆွဲပေးလာခြင်းဖြစ်သည်။ စီးနင်းခအနေဖြင့် ပြည်တွင်းလူကြီး တစ်ဦးလျှင် ကျပ် ၃၅,၀၀၀ သတ်မှတ်ထားပြီး အသက် ၄ နှစ်မှ ၁၁ နှစ်အရွယ် ကလေးများအတွက် ကျပ် ၂၅,၀၀၀ သတ်မှတ်ထားသည်။ ရန်ကုန်မြို့တွင် ယခင်က Yangon Water Bus မှတစ်ဆင့် ညနေခင်းမြစ်အတွင်းရှုခင်းကြည့်ရှုသည့် ခရီးစဉ်များနှင့် တွံတေးခရီးစဉ်များကို ပြေးဆွဲခဲ့ဖူးပြီး စီးနင်းခစျေးနှုန်းမှာ လူတိုင်းလက်လှမ်းမီနိုင်သည့်အနေအထားဖြစ်ခြင်းကြောင့် လိုက်ပါစီးနင်းသူများစွာ ရှိခဲ့ကြောင်း သိရသည်။



