ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ အ.ထ.က (၁) ကျောင်းတွင် ကျောင်းနှုတ်ဆက်ပွဲ ကျင်းပစဉ် ဆရာမများမှ လွယ်အိတ်များ စစ်ဆေးခဲ့ပြီး ကျောင်းသားအများစု ယူဆောင်လာသော ဖုန်းများအား သိမ်းဆည်းခဲ့သည်။"အဲ့လို့သိမ်းထားတာ ခုက ကျောင်းလည်းပြီးပြီဆိုတော့ ပြန်ပေးလိုက်လေ၊ မပေးဘူးဆိုတော့ စဉ်းစားစရာဖြစ်နေတယ်။ တကယ်လို့ ကျောင်းအုပ်ကြီး မအားဘူးဆိုလည်း တခြားဆရာမတွေ ထုတ်ပေးလိုက်လို့ ရနေတာပဲ"ဟု ဒေသခံတစ်ဦးက ပြောကြားသည်။စာမေးပွဲကာလအတွင်း အနှောင့်အယှက်မဖြစ်စေရန် ယာယီသိမ်းဆည်းခြင်းကို နားလည်နိုင်သော်လည်း စာမေးပွဲပြီးဆုံးပြီးနောက် မိဘများကိုယ်တိုင် သွားရောက်တောင်းဆိုရာတွင် ပြန်လည်မပေးသေးကြောင်း မိဘများက ပြောကြားထားသည်။ ထို့အပြင် ယခင်နှစ်များတွင်လည်း အချို့ ကျောင်းများတွင် ဖုန်းသိမ်းဆည်းထားပြီး နောက်ပိုင်း ပြန်လည်မရရှိခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့ကြောင်း ၊အဆိုပါကိစ္စကို မိဘအချို့မှ ဖုန်းများကို ခံဝန်ထိုးစနစ်ဖြင့် မိဘလက်ထဲသို့ ပြန်လည်ပေးအပ်သင့်ကြောင်း ထောက်ပြထားသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ကျောင်းဘက်မှ တရားဝင် ရှင်းလင်းချက် မထုတ်ပြန်သေးကြောင်း သိရသည်။



