နှစ်နိုင်ငံ စစ်တပ်တွေအကြား အဆင့်မြင့် ဆွေးနွေးမှုတွေ ပြန်လည် စတင်ရေး အမေရိကန်နဲ့ ရုရှားတို့ သဘောတူညီလိုက်ပါတယ်။ယူကရိန်း စစ်ပွဲနဲ့ပတ်သက်လို့ အဘူဒါဘီမှာ ပြုလုပ်တဲ့ ဆွေးနွေးမှု ပြင်ပမှာ အမေရိကန်နဲ့ ရုရှား အကြီးတန်းစစ်ဖက်ဆိုင်ရာ အရာရှိတွေကြား တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် အခုလိုကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ရရှိရေး သက်ဆိုင်ရာ နိုင်ငံအားလုံးက ကြိုးပမ်းနေချိန်မှာ ဆွေးနွေးမှုတွေ ပြန်လည် စတင်ရေး သဘောတူညီမှုကြောင့် အမေရိကန်နဲ့ ရုရှား စစ်တပ်တို့ကြား အမြဲမပြတ် ဆက်သွယ်မှုတွေ ရှိလာမှာ ဖြစ်ကြောင်း အမေရိကန်ရဲ့ ဥရောပ စစ်ဌာနချုပ်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
နှစ်နိုင်ငံကြား ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်လို့ ဆန္ဒရှိကြောင်း အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က အကြိမ်ကြိမ် ပြောကြားခဲ့ပြီးနောက် ဒီသဘောတူညီမှုဟာ ကမ္ဘာ့ နျူကလီးယား အင်အားအကြီးမားဆုံး နှစ်နိုင်ငံကြား သိသာတဲ့ ပြန်လည် ချဉ်းကပ်မှု တစ်ခု ဖြစ်လာပါတယ်။ဖေဖော်ဝါရီ ၅ ရက်က သက်တမ်း ကုန်ဆုံးသွားတဲ့ နျူကလီးယား လက်နက် လျှော့ချရေး သဘောတူညီမှုကို သက်တမ်းတိုးရေး အမေရိကန်နဲ့ ရုရှားတို့ ဆွေးနွေးနေချိန်မှာ အခုလိုကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့တဲ့ပြဿနာနဲ့ ထိပ်တိုက်တွေ့မှုတွေတလျှောက်လုံးမှာ အမေရိကန်နဲ့ ရုရှားတို့ဟာ သူတို့ရဲ့ စစ်တပ်တွေကြား ဆက်သွယ်ရေးလမ်းကြောင်း ဖွင့်မြဲဖွင့်ထားခဲ့ကြပါတယ်။ရည်ရွယ်ချက်ကတော့ နားလည်မှုလွဲတာနဲ့ တင်းမာမှု အရှိန်မြင့်တက်မလာစေရေး ရှောင်ရှားဖို့ ဖြစ်ပါတယ်။ယူကရိန်းကို ရုရှားက ကျူးကျော် တိုက်ခိုက်ပြီး မကြာခင် ၂၀၂၁ ခုနှစ်က အဲဒီ ဆက်သွယ်မှုတွေကို ရပ်ဆိုင်းခဲ့ကြပါတယ်။ရုရှား ဒရုန်းတွေနဲ့ စစ်လေယာဉ်တွေ နေတိုးအဖွဲ့ လေပိုင်နက်ထဲ ဝင်ရောက်မှုတွေ ရှိခဲ့ပြီး ဆီးရီးယားနဲ့ ပင်လယ်နက်မှာ အမေရိကန် မောင်းသူမဲ့ လေယာဉ်တွေ ပျံသန်းခဲ့ပြီးနောက်မှာ နှစ်နိုင်ငံကြား ထိပ်တိုက် တွေ့စရာတွေ ဖြစ်လာခဲ့ပါတယ်။
မိမိတို့ နှစ်နိုင်ငံ စစ်တပ်တွေကြား ဆွေးနွေးမှုတွေ ဆက်လက် ပြုလုပ်ရေးဟာ ကမ္ဘာကြီး တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် အရေးကြီးတယ်လို့ အမေရိကန်ရဲ့ ဥရောပ စစ်ဌာနချုပ်က ပြောပါတယ်။



