ထိုင်းစိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာန၊ အမျိုးသားစိုက်ပျိုးရေးကုန်စည်နှင့် စားနပ်ရိက္ခာစံချိန်စံညွှန်း ဗျူရိုအကြံပေး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ကိုယ်စားလှယ်အဖွဲ့ဝင်များ ဦးဆောင်၍ မယ်ဆိုင် - တာချီလိတ် - ကျိုင်းတုံ - တာဖျင် မိုင်းလား လမ်းကြောင်း အသုံးပြုရေးဆိုင်ရာဆွေးနွေးပွဲကို ဖေဖေါ်ဝါရီ ၆ ရက်မွန်းလွဲပိုင်းက ဆန်ဆိုင်း(ခ) ရပ်ကွက်ရှိ 1G1 ဟိုတယ်ခန်းမတွင် ကျင်းပသည်။ဆွေးနွေးပွဲတွင် နှစ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့ဝင်များက မယ်ဆိုင်နှင့် တာချီလိတ်မြို့ရှိ R3B route ၏ အစိတ်အပိုင်းဖြစ်သည့် မယ်ဆိုင်-တာချီလိတ်-ကျိုင်းတုံ-တာဖျင်-မိုင်းလား လမ်းကြောင်းကို အသုံးပြု၍ ထိုင်းနိုင်ငံမှ တရုတ်နိုင်ငံသို့ သစ်သီးဝလံများ တင်ပို့ရာတွင် သတ်မှတ်ထားသည့် အပင်ပိုးမွှားရောဂါကင်းရှင်းရေး စစ်ဆေးမှု ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်သွင်းနိုင်ရေး၊ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ တင်ပို့နေ့သော IPPC ၏ International Standard for Phytosanitary Measure (ISPMs) နှင့်အညီ တင်ပို့နေသော သီးနှံအမျိုးပေါင်း ၁၆ မျိုးအနက် အများဆုံး တင်ပို့သော ပြောင်း၊ မတ်ပဲ၊ နှမ်း၊ ပဲတီစိမ်း၊ ဆန် စသည့်သီးနှံများအား အဆင်ပြေ ချောမွေစွာ ဆောင်ရွက်သွားရန်၊ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ဖြတ်သန်း၍ တရုတ်နိုင်ငံသို့ သီးသီးဝလံများ တင်ပို့ရာတွင် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ ကြားစခန်းများတွင် ခေတ္တရပ်နားပြီး တစ်ဖက်နိုင်ငံသို့ တင်ပို့ခြင်းနှင့်ပတ်သက်၍ ဌာန၏ လုပ်ငန်းစဉ်များကို ဆွေးနွေးကြသည်။အဆိုပါ မယ်ဆိုင် - တာချီလိတ် - ကျိုင်းတုံ - တာဖျင် မိုင်းလား လမ်းကြောင်းကို အသုံးပြုခြင်းဖြင့် နိုင်ငံတကာကုန်စည်ပို့ဆောင်မှုပမာဏကို တိုးမြှင့်စေမည်ဖြစ်ပြီး ထိုင်းနှင့်မြန်မာနယ်စပ်ဒေသများရှိ ကုန်သွယ်မှု၊ ဝန်ဆောင်မှုနှင့် ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍများတွင် စီးပွားရေးလုပ်ဆောင်မှုများ ပိုမိုမြင့်မားလာခြင်း၊ သယ်ယူပို့ဆောင်ရေးနှင့် ဂိုဒေါင်စီမံခန့်ခွဲမှုကဲ့သို့သော ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အထောက်အကူပြုစီးပွားရေး ကဏ္ဍများ တိုးချဲ့လာမည်ဖြစ်ပြီး နှစ်ဖက်နယ်စပ်ဒေသရှိ ပြည်သူများအတွက် အလုပ်အကိုင်ဖန်တီးမှုနှင့် ဝင်ငွေတိုးပွားလာစေရန် ဆက်လက်ဦးတည်သွားမည်ဖြစ်ကြောင်း သိရသည်။



