မြန်မာနိုင်ငံ၌ ၂၀၂၅ ခုနှစ်အတွင်း မှတ်တမ်းတင်ရရှိခဲ့သော ကျား၊မ အခြေပြုအကြမ်းဖက်မှု ဖြစ်စဉ်များအနက် အိမ်တွင်းအကြမ်းဖက်မှု ဖြစ်စဉ်များက အများဆုံးဖြစ်ပွားခဲ့ကြောင်းမြန်မာနိုင်ငံအမျိုးသမီးများအဖွဲ့ချုပ် (WLB) ၏ "၂၀၂၅ ခုနှစ်ကို လည်ပြန်ကြည့်ခြင်း" အစီရင်ခံစာအရ သိရသည်။အဆိုပါ အစီရင်ခံစာအရ ၂၀၂၅ ခုနှစ်တစ်နှစ်အတွင်း ကျား၊မ အခြေပြုအကြမ်းဖက်မှု ဖြစ်စဉ်စုစုပေါင်း ၂၀၉ ခုကို WLB က မှတ်တမ်းတင်နိုင်ခဲ့ပြီး ယင်းအနက် အိမ်တွင်းအကြမ်းဖက်မှု ဖြစ်စဉ် ၁၄၅ ခုဖြင့် အများဆုံး ဖြစ်ပွားခဲ့ ကြောင်းသိရသည်။ထို့အပြင် အဓမ္မပြုကျင့်မှု ဖြစ်စဉ် ၂၈ ခု၊ လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်မှု ၃၆ ခုကိုလည်း မှတ်တမ်းတင်ရရှိခဲ့ကြောင်း ဖော်ပြထားသည်။



